ငွေကျပ် သန်းပေါင်း ၇၇၀၀ ကျော် အကုန်အကျခံတည်ဆောက်ခဲ့တဲ့ ဇွဲကပင်အားကစားကွင်းသစ် ဖွင့်လှစ်

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွဲကပင်အား ကစားကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဘောလုံးကွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဇွဲကပင်အားကစားကွင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်(၆)လဘတ်ဂျတ်မှ ငွေကျပ် (၇၇၆၆ ဒသမ ၂၂၄) ကျပ်သန်းနဲ့ တည်ဆောက်ခဲ့တာဖြစ်ပြီး အရှေ့ဘက်ပွဲကြည့်စင် (ပေ ၄၄၀ x ၃၅ ပေ)၊ အနောက်ဘက်ပွဲကြည့်စင် (ပေ ၄၈၀ x ပေ ၆၀)၊ တောင်ဘက်နဲ့ မြောက်ဘက် ပွဲကြည့်စင် (ပေ ၂၈၀ x ၃၅ ပေ)၊ Synthetic မီတာ ၄၀၀ ပြေးလမ်း၊ LEDScore Boad တစ်ခုနဲ့ အခြားဆက်စပ်သော တည်ဆောက်ရေးလုပ်ငန်းများ ပါရှိတယ်လို့ ဆိုပါတယ်။

အသစ်ဖွင့်လှစ်လိုက်တဲ့ အဆိုပါ အားကစားကွင်းမှာ ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ မြို့နယ်ပေါင်းစုံအသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲကို ယမန်နေ့မှာပဲ စတင်ကျင်းပခဲ့ပြီး ပြည်နယ်အတွင်းရှိ မြို့နယ်များမှ အသင်း(၇)သင်း အားကစားသမား (၁၆၈) ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကာ နိုဝင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်တယ်လို့ သိရပါတယ်။