နှစ်သစ်မှာ ကြွေးသစ်မတင်စေချင်၊ နှစ်ဟောင်းက ကြွေးဟောင်းသာဆပ်စေချင် (၁)

ဒေါက်တာမြတ်မိုး

အကျပ်အတည်းတွေ၊ ဒုက္ခတွေ၊ အနိဋ္ဌာရုံတွေ၊ ဖိစီးမှုတွေ၊ သံသယတွေ၊ မလုံခြုံမှုတွေ၊ မျှော်လင့်ချက်မဲ့မှုတွေ၊ သောကတွေနဲ့ ကမ္ဘာကြီးက မငြိမ်းချမ်း။ မငြိမ်းချမ်းမှုရဲ့ မူလအစက ရောဂါကပ်၊ နေရာအနှံမှာဖြစ်နေတဲ့ ကန့်သတ်စစ်။ ရောဂါနဲ့စစ်ပွဲနဲ့ပေါင်းမိတော့ စီးပွားပျက်။ စီးပွားကပ်ရဲ့အကျိုးဆက်က ဆင်းရဲမှုနဲ့အငတ်ဘေး။ အလှုပ်အယမ်းကြမ်းလွန်းတဲ့ ဗဟိဒ္ဓကမ္ဘာကြီးက အနေအထားအရ ငြိမ်းချမ်းဖိုလမ်းစ တော်တော်နဲ့မမြင်၊ မိမိအဇ္ဈတ္တအတွင်းသဏ္ဌာန်မှာ ငြိမ်းချမ်းဖိုသာအဓိကဖြစ်လာတဲ့အခါ မိမိစိတ်လေးငြိမ်းချမ်းမှုရဲ့ လမ်းစကိုသာ ရှာနေမိတော့တယ်။ တစ်ကျော့ပြန်ကိုဗစ်နဲ့ မုန်တိုင်းနှင်းထူကြားမှာ နောက်ထပ် မမြင်ချင်၊ မကြားချင်လောက်တဲ့ အနိဋ္ဌာရုံတွေကို စိတ်မချမ်းမသာဖြစ်နေသူတွေ၊ အလွန်အကျွံတွေးနေမိသူတွေ၊ စိတ်ဓာတ်ကျနေသူတွေအတွက်….

ဆောင်တရား၊ ရှောင်တရား
ကမ္ဘာကြီးငြိမ်းချမ်းဖိုဆိုတဲ့အတွေးက ဝေးပါသေးတယ်။ တောင်းဆိုဖိုလည်းခက်ပါတယ်။ မိမိစိတ်ကိုငြိမ်းချမ်းအောင်သာ ဘယ်လိုကြိုးစားမလဲဆိုတဲ့အချက်က ပိုအရေးကြီးပါတယ်။ တစ်ဦးချင်းငြိမ်းချမ်းမှ အများငြိမ်းချမ်းမှုကိုရမှာကိုး။ အများငြိမ်းချမ်းမှကမ္ဘာကြီးငြိမ်းချမ်းမယ်။ ကမ္ဘာကြီးအတွက် တစ်ဦးချင်းဆီကစလိုက်ရင် အဆင်ပြေပါတယ်။ အရေးကြီးတာက ကိုယ့်စိတ်ကိုယ် ဦးစွာငြိမ်းချမ်းအောင်လုပ်ဖိုပါပဲ၊၊ ဘယ်လိုလုပ်နိုင်ပါ့မလဲ…။
ဆရာတော်ကြီးများက တစ်ဦးချင်းငြိမ်းချမ်းမှ ကမ္ဘာကြီးငြိမ်းချမ်းမယ်။ ဒါကြောင့် တစ်ဦးချင်း ငြိမ်းချမ်းအောင်ပွားများအားထုတ်ရမယ့် နည်းလမ်းများနဲ့တကွ ဟောကြားခဲ့တဲ့တရားတော်များစွာရှိပါတယ်။ ဆရာတော်ကြီးများရဲ့ တန်ဖိုးကြီး ဓမ္မဒေသနာများထဲက ငြိမ်းချမ်းမှုရှေးရှုတဲ့အချက်ကို အနှစ်ထုတ်ပြီးပြန်လည်တင်ပြရရင် ပယ်ရမယ့်တရားနဲ့ သယ်ရမယ့်တရား၊ ရှောင်ရမယ့်တရားနဲ့ ဆောင်ရမယ့်တရား ထိုနှစ်ပါးသာလျှင် ပဓာနဖြစ်ပါတယ်။

သမ္မပဒါန်လေးပါးဖြင့် ငြိမ်းချမ်းရေးကိုရှေးရှု
အပယ်တရားနဲ့ ရှောင်ရမယ့်တရားက အကုသိုလ်၊ သယ်ယူပြီးဆောင်ရမယ့် တရားကကုသိုလ်ပါ။ ဆရာတော်ကြီးများဟောကြားချက်အရတော့ သမ္မပဒါန်လေးပါးဆိုပါတော့။ သမ္မပဒါန်ဟူသည် အားကြီးသောဝီရိယပါတဲ့။ အားကြီးသောဝီရိယနဲ့အားထုတ်ရမယ့် ဤလေးပါးသောတရားဆိုတာက မဖြစ်သေးတဲ့အကုသိုလ်တွေ မဖြစ်အောင်ကြိုးစားခြင်း၊ ဖြစ်ပြီးတဲ့အကုသိုလ်တွေကို ပယ်နိုင်အောင်ကြိုးစားခြင်း၊ မဖြစ်သေးတဲ့ကုသိုလ်တွေကို ဖြစ်လာအောင်ကြိုးစားခြင်းနဲ့ ဖြစ်ပြီးတဲ့ကုသိုလ်တွေကို တိုးပွားအောင်ကြိုးစားခြင်းပါပဲ။ တစ်ဦးချင်းတစ်ဦးချင်း ကြိုးစားရမယ့်အရာတွေပါပဲ။
ဆောင်ရမှာကုသိုလ်၊ ရှောင်ရမှာအကုသိုလ် ဆိုတော့ ဘယ်အရာက အကုသိုလ်၊ ဘယ်အရာက ကုသိုလ်ဆိုတာသိဖို လိုလာပြန်ပြီပေါ့။ ဘယ်အရာက ကုသိုလ်၊ ဘယ်အရာက အကုသိုလ်မှ မသိဘဲ ဘာကိုရှောင်၊ ဘာကိုဆောင်ကြမလဲဆိုတာ အရေးကြီးလာပါတယ်၊၊ အကုသိုလ်ကိုအကုသိုလ်မှန်းသိမှ၊ ခွဲခြားသိမှဘယ်လိုကုစားရမှန်းသိပါမယ်။ ကုစားပြီးရင်လည်း နောင်ထပ်မဖြစ်အောင် ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲသိနေမှသာ ကြိုးစား အားထုတ်ဖြစ်ပါမယ်။ တစ်နေ့တစ်နေ့ကုသိုလ်တိုးပြီး အကုသိုလ်လျော့ဖိုကသာလျှင် အဓိက မဟုတ်ပါလား…။

အာရုံနဲ့ဒွါရ ဘာကိုထိန်းချုပ်မလဲ
ပယ်ရမှာအကုသိုလ်ဆိုတာ အားလုံးကလည်းသိကြတယ်။ လောဘ၊ ဒေါသ၊ မောဟ စသဖြင့်ပေါ့။ ဒါပေမယ့် ဘာလုပ်မိရင်၊ ဘာကိုတွေးရင် ဘယ်လိုပြောလိုက်ရင် ဘယ်လို လောဘ၊ ဘယ်လို ဒေါသ ဖြစ်သွားတယ်ဆိုတာကျတော့ နှလုံးသွင်းပုံချင်းမတူကြတော့ပြန်ဘူး။ စိတ်ကိုဖြူစင်အောင်ထား၊ မကောင်းမှုရှောင်၊ ကောင်းမှုကိုဆောင်ပါလို မြတ်စွာဘုရားက ဆုံးမပြီးသားပါ။ ဘုရားအဆုံးအမကိုခံယူပါတယ်ဆိုတဲ့ ကျွန်တော်တို ဗုဒ္ဓဘာသာဝင်တွေက သာလိုက်နာဖိုသာ ခက်နေကြတာ။
ပုထုဇဉ်တွေပီပီ အမြင်၊ အကြား၊ အနံ့ ၊ အရသာ၊ အထိအတွေ့၊ အတွေးဆိုတဲ့ အာရုံခြောက်ပါးကို အစအဆုံးလိုက်ခံစား၊ ထိန်းချုပ်ဖိုကြတော့ ခက်နေကြပြန်တယ်။ အာရုံကတော့ ၃၆၀ ဒီဂရီက လာနေမှာပဲ။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလသုံးပါး မရှောင်၊ အတွင်းရောအပြင်ကပါလာနေမှာ။ ဒါကြောင့် တဏှာအစစ် တစ်ရာ့ရှစ်လိုခေါ်တာကိုး။ အကျယ်ကတော့ ကိလေသာတစ်ထောင့်ငါးရာတဲ့။ များမှများတဲ့ကိလေသာတွေ၊ သူ့အာရုံနဲ့သူ ဝင်ရမယ့်တာဝန်ရှိတဲ့အတိုင်း ဝင်မှာကသူ့တာဝန်၊ စိစစ်ထိန်းချုပ်ရမှာကကိုယ့်တာဝန်၊ အာရုံဘယ်ကလာလာ ထိန်းချုပ်ရမှာကကိုယ့်ရဲ့မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ဆိုတဲ့အာရုံနဲ့ထိတွေ့တဲ့ဖြစ်ရတဲ့ ခြောက်ခုသော ဒွါရများ…။

အာရုံနဲ့ဒွါရတိုက်တိုက်ချင်း ကနဦးဖြစ်တဲ့စိတ်လေးကအဖြူထည်ပါ။ ဘာအရောင်မှမပါဘူး၊ အဲဒီဖြူနေတဲ့စိတ်လေးကို ကောင်းအောင်၊ ဆိုးအောင် ခြယ်လှယ်သမှုပြုလိုက်တာက စေတသိက်ဆိုတဲ့ နာမ်တရားတွေသာဖြစ်ပါတယ်။ စိတ်နဲ့အတူဖြစ်၊ အတူချုပ်ပြီး မှီရာလည်းတူပြီးစိတ်နဲ့လည်းအာရုံတူကြတယ်လို ဆိုပါတယ်။ သူ့တာဝန်နဲ့သူ သူ့အလုပ်နဲ့သူထမ်းဆောင်နေကြတဲ့သဘောပါပဲ။ ငါ့သဘော၊ သူ့သဘောတွေမပါပါဘူး။ နှလုံးသွင်းမှုအပေါ်မှာတော့မူတည်တာပေါ့။ နှလုံးသွင်းမှန်ရင် ကုသိုလ်၊ မမှန်ရင်အကုသိုလ် ဖြစ်ပြန်လေတော့..နှလုံးသွင်းမှန်မမှန်ဆိုတာကလည်း သူခံစားရတဲ့ အာရုံတွေဟာ ကောင်းတယ်၊ မကောင်းဘူး အတိတ်ကမှတ်သားထားတဲ့ သညာသိအပေါ်မူတည်နေတယ်လို သိထားပါတယ်။ ကောင်းတာကိုမကောင်းဘူး၊ မမှန်တာကိုမှန်တယ်လိုမှတ်ထား မိတဲ့အခါမှာတော့ အဝိဇ္ဇာအမှောင်ဖုံးပြီပေါ့။

လောဘဒိဋ္ဌိမာနဆိုတဲ့သဘော
အကုသိုလ်နဲ့ကုသိုလ်ကို ပြန်ဆက်ကြည့်ရအောင်ပါ၊၊ အာရုံမှာငြိကပ်တပ်မက်လွန်းပြီး ဖြစ်ချင်တာကများ၊ လိုချင်တဲ့လောဘများလွန်းလိုလည်း မငြိမ်းချမ်းမှုဖြစ်ရတယ်၊၊ ကိုယ့်လောဘကမှန်တယ်ချည်းထင်နေတာကိုး။ မှန်တယ်ထင်တာက အာရုံရဲ့အမှန်သဘောကိုမသိလို။ အမှန်မသိအောင်လည်းဖုံးထားတာက မောဟ၊ နှလုံးသွင်း မှားတယ်ဆိုတာ အာရုံရဲ့အမှန်သဘောကိုမသိလိုမှားကြတာပါ။ မသိမှတော့ မိစ္ဆာဒိဋ္ဌိပေါ့၊ ကုသိုလ်ဆိုတာမရှိ၊ ကုသိုလ်လုပ်လည်း ဘာအကျိုးရှိမှာလဲ၊ အကုသိုလ်ဆိုတာမရှိ၊ အကုသိုလ်လုပ်လည်းအကုသိုလ်မဖြစ်။ ဒါကမိစ္ဆာဒိဋ္ဌိရဲ့သဘော၊ မသိမှုရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ နှလုံးသွင်းမှန်စွာသိမှုကသာဉာဏ်ပါတဲ့ သဘောဖြစ်ပါတယ်၊၊ ထောင်လွှားတက်ကြွ မောက်မာတဲ့သဘောကလည်း အမှန်ကိုမသိသေးလိုပါပဲ။ မာနပေါ့။ ကိုယ်ကပဲမြတ်တယ်၊ ကိုယ်ကချည်းသာတယ်လိုထင်နေပြီး “မှန်ကင်းတစ်လှည့်ထင်းတစ်လှည့်” ဆိုတဲ့ သဘောအမှန်ကိုမသိခဲ့ရင် မာနဟာ ကိုယ့်အတွက်တော့အရှုးဖြစ်သွားနိုင်ပါတယ်။

ဒေါသအမြစ်တွယ်ခဲ့ရင်
လောဘကအားကြီးလာတဲ့အခါ လိုချင်တာမရရင်ဒေါသဖြစ်ရပြန်တယ်။ ဒေါသဆိုတဲ့တရားက ကြမ်းတမ်းခက်ထန်တဲ့သဘောသာဆောင်လေတော့ မိမိရောသူတစ်ပါးပါပျက်စီးရတယ်၊ သူ့အပူမပေးမိခင် ကိုယ်အရင်လောင်တဲ့သဘောပါပဲ။ စိတ်ကြမ်းတာ၊ ညှိးနွမ်းတာ၊အားငယ်တာ၊ ကြောက်လန့်တာ အားလုံးဒေါသချည်းပဲ။ ဒေါသထက်ဆိုးတာရှိပါသေးတယ်။ သူတစ်ပါးကိုဒုက္ခ ရောက်စေချင်၊ ပျက်စီးစေချင်၊ သေစေချင်တာ၊ သူကအကျိုးပေးပိုဆိုးပါတယ်။
လောဘဒေါသအမြစ်က အတ္တကိုစေ့ဆော်တော့ အတ္တအချင်းချင်းထိပ်တိုက်တွေ့၊ အတ္တကြီးသူချင်းကအင်အားကြီးတွေပဲဆိုရင်တော့ လောကကြီးကျွမ်းထိုးမှောက်ခုံဖြစ်ဖို မနှေးဧကန်ပါပဲ။ Ego ဆိုတဲ့ အတ္တနဲ့မာနကမငြိမ်းချမ်းခြင်းရဲ့ တကယ့်တရားခံပါ၊ လူတွေ မငြိမ်းချမ်းရင် ကမ္ဘာကြီးလည်းမငြိမ်းချမ်းနိုင်ပါဘူး။ မငြိမ်းချမ်းမှုတွေကြားထဲ ego-trip လိုခေါ်တဲ့ လူအချင်းချင်းအမြတ်ထုတ်ချင်၊ အသာရချင်တဲ့လူစုလူဝေးကလည်းရှိသေးတယ်။ ငွေ၊ အာဏာ၊ ကျော်ကြားချင်မှုတစ်ခုခုကြောင့်ပေါ့။ သူတိုကြောင့် ဆင်းရဲသူတွေပိုဆင်းရဲရတယ်၊ နစ်နာနေသူတွေပိုနစ်နာရတယ်ဆိုတာပြန်ကြည့်ဖို သူတိုလိုလူတွေအတွက် ခက်ခဲနေတတ်တယ်၊၊

ဆက်ရန်…