နိုဝင်ဘာ ၂၃ ရက်နေ့မှုခင်းသတင်းများ

-နိုဝင်ဘာ ၂၂ ရက် ၀၈၀၀ နာရီတွင် နွားထိုးကြီးမြို့နယ်၊ တက်စီကျေးရွာနေ ဦးဖိုးဇော်(၃၇)နှစ်၊ တောင်သူလုပ်ကိုင်သူသည် တစ်ရွာတည်းနေ ဒေါ်ဝင်းရွှေ၊ ဒေါ်ဝင်းဌေး၊ မဗျားတို့နှင့်အတူ နွားထိုးကြီးမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးတင်ဝမ်း မောင်းနှင်သော TOYOTA RATIC (ခဲ/နက်ရောင်)ယာဉ်ဖြင့် မကျီးကန်ကျေးရွာရှိ သူငယ်ချင်း မင်္ဂလာဆောင်သို့ သွားရောက်ခဲ့ရာ မကျီးကန်ကျေးရွာအနီး နွားထိုးကြီး-မလှိုင်သွား ကားလမ်းမဘေးသို့အရောက်၌ လက်နက်ငယ်ကိုယ်စီကိုင်ဆောင်ထားသော အကြမ်းဖက်အင်အား ၆ ဦးခန့်သည် ယာဉ်အားရပ်တန့်စေပြီး ဖိုးဇော်အား ယာဉ်ပေါ်မှဆင်းစေ၍ အကြမ်းဖက် သတ်ဖြတ်သွားခဲ့ရာ ဦးဖိုးဇော်တွင် ဦးခေါင်းငယ်ထိပ်ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ နောက်ကျောကျည် ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ ယာချိုင်းအောက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် တို့ဖြင့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၂ ရက် ၁၂၃၀ နာရီတွင် လက်ပံတန်းမြို့နယ်၊ ဝါးရုံပင်ဇင်းကျေးရွာအုပ်စု၊ သရက်ချောင်းရွာမကျေးရွာတွင်နေထိုင်သော ဦးဝင်းမြင့်(၅၉)နှစ်သည် နေအိမ်မှတစ်ဆင့် ၎င်းပိုင်ဆိုင်သော ပဲခူးရိုးမပတ်လမ်းရှိ  ငါးကန်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် PDF အကြမ်းဖက်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့သောကြောင့် ဦးဝင်းမြင့်၌ မေးစေ့မှနောက်ဂုတ်ပိုး ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲလည်ပင်းထိမှန်ဒဏ်ရာ ၁ ချက်၊ ဝဲ/ယာရင်ဘတ် ထိမှန်ဒဏ်ရာ ၁ ချက်စီ၊ ယာလက်ကောက်ဝတ် ထိမှန်ဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး ဖြစ်စဉ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရှိရ။

-နိုဝင်ဘာ ၂၂ ရက် ၁၃၄၅ နာရီနှင့် ၁၅၀၀ နာရီတို့တွင် မြိုင်မြို့ပေါ်ရပ်ကွက်များအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့မှ ဒရုန်း ၁ စင်းဖြင့် Drop Bomb ၉ လုံးအား ၂ ကြိမ်လာရောက်ပစ်ချခဲ့ရာ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ပြည်သူ့ဆေးရုံ ဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ ၄ ထပ်ဆောင်ပေါ်သို့ ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး သွပ် ၄ ချပ်၊ ကျောက်ပြား မျက်နှာကျက် ၄ ချပ်၊ ပြတင်းပေါက်မှန် ၆ ချပ်ကွဲကြေ၊ အမှတ်(၂)လမ်းမပေါ်သို့ ၃ လုံး၊ အထက(၂)ဝင်းအတွင်း ရှိ ပင်မကျောင်းဆောင်ပေါ်သို့ ၂ လုံး၊ ပင်မဆောင်လျှောက်လမ်းအမိုးပေါ်သို့ ၂ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပင်မဆောင်၏ အမိုးသွပ် ၂၂ ချပ်၊ အထပ်သားမျက်နှာကျက် ၂၂ ချပ်တို့ ပျက်စီးခဲ့ကြောင်း သိရှိရ။