နိုင်ငံခြားဘာသာတက္ကသိုလ် ၂ခုမှာ တရုတ်ကျောင်းသား ၁၄၀၀နီးပါး တက်ရောက်နေ

မြန်မာနိုင်ငံရှိ ရန်ကုန် နဲ့ မန္တလေး မြို့တွေက နိုင်ငံခြားဘာသာ တက္ကသိုလ် ၂ခုမှာ တရုတ်ကျောင်းသား ၁၄၀၀နီးပါး တက်ရောက်ကာ မြန်မာစာကို လာရောက်သင်ယူမှုတွေရှိနေတယ်လို့ ပညာရေးဝန်ကြီးဌာနကသိရပါတယ်။

တရုတ်ကျောင်းသားတွေက ပြီးခဲ့တဲ့၂၀၁၃ ခုနှစ်မှစတင်ပြီး ယနေ့အထိ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် တရုတ်ကျောင်းသား ၈၀၂ ဦး နဲ့ မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်တွင် ၅၈၉ ဦး မြန်မာဘာသာစကားကို လာရောက်သင်ယူမှုရှိနေတာလို့ဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနရဲ့ အနေနဲ့ တရုတ်က ပညာရေးတက္ကသိုလ်တွေနဲ့ ကျောင်းသားဖလှယ်ရေးအစီစဉ်အရ ၂၀၁၃ ခုနှစ်မှ ယခု၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနဲ့ဆရာစုစုပေါင်း ၅၇၀၃ ဦးကို လည်းတရုတ်နိုင်ငံတက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့် စေလွှတ်ခဲ့ကာသင်ကြားပေးမှုရှိခဲ့တယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ် ဇွန်လမှတ်တမ်းများအရ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာပေါင်း ၂၅ စောင် လက်မှတ်ရေး ထိုးထားကြောင်းလည်း သိရပါတယ်။

ဒါ့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာစာဧည့်ပါမောက္ခများကို တရုတ်နိုင်ငံတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်ရန် စေလွှတ်ပေးလျက်ရှိပြီး ကျောင်းသားဖလှယ်ရေး၊ ဆရာဖလှယ်ရေး၊ သုတေသန ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်ဖို့လည်း ဆွေးနွေးမှုတွေရှိနေတယ်လို့ သိရှိရပါတယ်။

(မြန်မာ့ပလက်ဖောင်း)