ရဲတွေလာဖမ်းစဉ် ထွက်ပြေးရင်းအမျိုးသမီးတစ်ဦး လှေကားပေါ်မှ ပြုတ်ကျသေဆုံး

မလေးရှားမှာ ရဲတွေလာဖမ်းစဉ် ထွက်ပြေးရင်း မြန်မာအမျိုးသမီးတစ်ဦး လှေကားပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ နှလုံးလှ ပရဟိတ လူငယ်လေးများ သွေးလှူရှင်အဖွဲ့ (မလေးရှား-ကွာလာလမ်ပူ)မှ သိရပါတယ်။

မလေးရှားနိုင်ငံ ဆန်းဝေးမြို့မှာ တရားမဝင် နေထိုင်သည့် နိုင်ငံခြားသားများကို မလေးရှားအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးချိန်တွင် အသက် ၂၂ နှစ်အရွယ် မရွှေစင်ထက် သည် ဆိုင်နောက်ဖေးလှေကားမှဆင်းရာ အမှတ်မထင်ပြုတ်ကျပြီး သေဆုံးသွား ခဲ့တာပါ။

မရွှေစင်ထက်ရဲ့ နာရေးအခမ်းအနားကို ယနေ့ ဇူလိုင် ၃၀ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး သူမသည်ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ၁၀ရပ်ကွက် မြဝတ်ရည် ( ၂ )လမ်းမှာ နေထိုင်ပြီး မလေးရှားနိုင်ငံမှာ အလုပ်လုပ်လာတာလည်း ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာ ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံသားများဖွင့်လှစ်ထားသည့် ဆိုင်နေရာများကို မလေးရှားအာဏာပိုင်များမှ မကြာခဏ ဝင်ရောက်ဖမ်းဆီးလေ့ရှိပြီး အထောက်အထားမဲ့ မြန်မာနိုင်ငံသားများစွာ နေ့စဥ်ဖမ်းဆီးခံနေရတယ်လို့ မလေးရှား ရောက် မြန်မာအသိုင်းအဝိုင်းကလည်း ပြောကြားထားပါတယ်။