ရထားသံလမ်းဆက် မူလီတွေ ဖြုတ်ယူသွားသူနဲ့ ဝယ်ယူသူကို ဖမ်းဆီး


မန္တလေးမြို့ ပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာအကြား ရထားသံလမ်းဆက် မူလီတွေ ဖြုတ်ယူသွားသူ ၄ ဦးနဲ့ ဝယ်ယူသူ ၂ ဦးကို ဖမ်းမိပြီလို့ ကနဦးသတင်းများအရ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက မန္တလေးတိုင်း၊ စဥ့်ကိုင်မြိုနယ်၊ ပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာအကြား မိုင်တိုင် အမှတ် (၃၇၁/၁ နဲ့ -၃) အကြားမှာရှိတဲ့ ရထားသံလမ်းဆက်ပြား (၈)စုံနဲ့ သံလမ်းဆက်မူလီ(Bolt &Nut) (၃၂)လုံးကို ဖြုတ်ယူသူ ၄ ဦးနဲ့ ၎င်းပစ္စည်းဝယ်ယူသူ ၂ ဦးတို့ကို ဖမ်းမိတာ ဖြစ်ပါတယ်။

အဆိုပါ ရထားသံလမ်းဆက် မူလီတွေ ဖြုတ်ယူမှုကြောင့် မန္တလေးတိုင်း၊ မြစ်ငယ်မှ ရန်ကုန်တိုင်း ရွာသာကြီး ခရီးစဉ်ထွက်ခွာမည့် အမှတ် (၉၂၄) အစုန် ကုန်တင်ရထားဟာပုလိပ်ဘူတာနဲ့ စဉ့်ကိုင်ဘူတာအကြားမှာ ကွန်တိန်နာတွဲ (၅)တွဲ လမ်းချော်မှုဖြစ်ပွားခဲ့တာပါ။

ဖမ်းဆီးရမိသူများမှာ မီးရထားသံလမ်း မိုင်တိုင်အမှတ် (၃၈၅/ ၂) အနီး ကျူးကျော်တဲတွေမှာနေထိုင်တဲ့ ချမ်းငြိမ်းအောင်၊ ရန်အောင်၊ ဇော်ထက်၊ နုနုဝင်း ဆိုသူ တို့ ဖြစ်တယ်လို့လည်း သိရပါတယ်။

၎င်းတို့ကို ရထားသံလမ်းဆက်ပြားနဲ့ သံလမ်းဆက်မူလီ(Bolt &Nut) တွေကို ဖြုတ်ယူရာမှာ အသုံးပြုတဲ့ ပိုက်ကိုက် ၁ ချောင်း၊ ဆိုင်ကယ် ၂ စီးတို့ နဲ့အတူ ဖမ်းမိခဲ့တာလို့လည်း သိရပါတယ်။

၎င်းပစ္စည်းတွေကို ပြည်ကြီးတံခွန်မြိုနယ်၊ (ဆ) ရပ်ကွက်၊ စက်မှုပန်းခြံလမ်းရှိ ထိပ်တန်း (ဒန်၊ သတ္တု၊ သံ၊ ပုလင်း) ရောင်းဝယ်ရေးဆိုင်မှာရောင်းချခဲ့ကြောင်း သိရတာကြောင့် သွားရောက်စစ်ဆေးခဲ့ရာ ဆိုင်ရှင်ဖြစ်သူ ၂ ဦးကိုလည်း မီးရထားသံလမ်းဂျိုင်းဆက် ၂၄ ချောင်း၊ မီးရထားသံလမ်းမူလီ ၁၅ ချောင်းတိုနဲ့အတူ ထပ်မံဖမ်းမိခဲ့တယ်လို့လည်း သိရပါတယ်။