နဂါးမောက် စိုက်ပျိုးခြင်း

နဂါးမောက်သီးမှာ စျေးကွက် အလားအလာကောင်းသဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ အသီးပုံသဏ္ဍာန်နှင့် အသီးအခွံအရောင်မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များ ပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။ နဂါးမောက်သီးဟာ ကျန်းမာရေးကို အလွန်အထောက်အကူပြုတာကြောင့် အိမ်မှာစိုက်ထားသင့်တဲ့ အပင်မျိုးပဲဖြစ်ပါတယ်နော်… ရာသီဥတု
ရေငတ်ဒဏ်ခံနိုင်သော ရှားစောင်းနွယ်၀င် အပင်မျိုးဖြစ်သည်။ ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။
နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသများတွင် ကောင်းစွာဖြစ်ထွန်းပြီး အနိမ့်ဆုံး အပူချိန်(-၂) ဒီဂရီစင်တီဂရိတ်အထိ ခံနိုင်ရည်ရှိပါတယ်။
မြေအမျိုးအစား
နဂါးမောက်ပင်စိုက်ပျိုးရန် သင့်တော်သော မြေချဉ်ငံကိန်း pHမှာ (၆) ဖြစ်ပါတယ်။ ရေစီးစိမ့်မှုကောင်းသောမြေမျိုးတွင် ကောင်းစွာဖြစ်ထွန်းပါတယ်။
အပင်အမျိုးအစား
တွယ်တက်ပင်နှင့် မြေပေါ်တွားသွား၍ပေါက်သော ရေငတ်ဒဏ်ခံနိုင်သော ရှားစောင်းမျိုးနွယ်၀င်အပင်ဖြစ်ပါတယ်။ ပင်စည်သုံးမြှောင့်ပုံရှိပြီး
ပင်စည်အနားတွင် ဆူးငယ်များရှိပါတယ်။ ပင်မပင်စည်၏ အဖူးမှ ထွက်လာသော ပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်ပါတယ်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့်ရှိပြီး အသီးလုံး ပတ်လည်တွင် နဂါးအမောက်ကဲ့သို့ ကော့ပြန်နေသော အဖတ်များရှိပါတယ်။ အတွင်းသားအရောင် အဖြူရောင် မျိုးနှင့် အနီရောင်မျိုးများကို စီးပွားဖြစ် စိုက်ပျိုးပါတယ်။အစေ့မှာအမဲရောင်ဖြစ်ပါတယ်။
မျိုးရွေးချယ်ခြင်း
မျိုးတူသော်လည်း ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေးတို့ ကွာခြားနိုင်ပါတယ်။
သို့ဖြစ်၍ ကျန်းမာသန်စွမ်းပြီး သီးထွက်ကောင်းသောအပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကို ဖြတ်ယူမျိုးပွားပါ။
ပျိုးပင် ထုတ်လုပ်ရန် အပင်ကိုထားရှိပါ။ စီးပွားဖြစ် စိုက်ပျိုးရန် ပျိုးပင်များကို ၎င်းအပင်မှပွားများရယူပါ။
အပင်ပြုစုခြင်း
ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေပတ်လည်တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး
ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍နှိမ်နှင်းပေးခြင်းများဖြင့် ဆောင်ရွက်နိုင်ပါတယ်။
ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း
နဂါးမောက်ပင်၏ အဓိက ဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ်ပါတယ်။ အပင်၏ အဖျားပိုင်း အဖူးနုများနှင့် အသီးညှာ တို့တွင် ပုရွက်ဆိတ်များ စားသောက်ဖျက်ဆီးတတ်ပါတယ်။ ပင်စည်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများကို မြေအောင်းပိုးသတ်ဆေး တစ်မျိုးမျိုး အသုံးပြု၍ နှိမ်နင်းနိုင်ပါတယ်။ ပင်စည်ပေါ်ပိုင်း ဖျက်ဆီးသော ပုရွက်ဆိတ်နီများကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ် ဆီဗင် (sevin) ပိုးသတ်ဆေးဖြင့်နှိမ်နင်းနိုင်ပါတယ်။ ရောဂါအနေဖြင့် ပင်စည်ပုပ်ရောဂါနှင့် အမြစ်ပုပ်ရောဂါများ ကျရောက်တတ်ပါတယ်။
၀တ်မှုန်ကူးခြင်း
ပင်တည်း ၀တ်မှုန်ကူးခြင်း ရှိသော်လည်း အသီးတင်နှုန်းများစေရန် ၀တ်မှုန်ကူးပေးရမည်။ နဂါးမောက်သီး၏ ပန်းပွင့်ချိန်မှာ ညပိုင်း
ပွင့်သည့် အတွက်ကြောင့် ၀တ်မှုန်ကူးခြင်းကို ညပိုင်းမှာ ပြုလုပ်ပေးရပါမယ်။ မိုးများပါက ၀တ်မှုန်ကူးခြင်းကို အဟန့်အတားဖြစ်သည့်အတွက် ၀တ်မှုန်ကူးပြီးလျှင် ပန်းပွင့်ကို ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးထားသင့်ပါတယ်။
အသီးဆွတ်ခူးခြင်း
လက်သန်းထိပ် အဆစ်အရွယ် အစိမ်းရောင်ရှိပွင့်ဖူးကို ပင်စည်အဖျားပိုင်းတွင် တွေ့နိုင်ပါတယ်။ ဧပြီလ၊ ဇူလိုင်လ အတွင်းတွင် ပန်းပွင့်လေ့ရှိပါတယ်။ ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ် အကြာ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီးဆွတ်ခူးနိုင်ပါပြီ။ အသီးရင့်ပြီးနောက် အပင်ပေါ် (၁၅) ရက်ခန့် ဆက်လက်ထားနိုင်သော်လည်း အသီးအရည်အသွေး (အနံ့အရသာ) လျော့သွားတတ်ပါတယ်။ နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ အသီးထွက်ချိန်ကွာခြားပါတယ်။