ရွှေဘိုပေါ်ဆန်းစပါးသစ် ကျပ် ၁၆ သိန်းထိ ဈေးကောင်းရ

ရွှေဘိုပေါ်ဆန်းစပါးသစ်တွေက ပေါ်ဦးပေါ်ဖျားကာလမှာပဲ ကျပ် ၁၆ သိန်းထိ ဈေးကောင်းရနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနကနေ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ကထွက်ရှိတဲ့ ရွှေဘိုပေါ်ဆန်းစပါးအသစ်ဈေးတွေဟာ အရင်နှစ်ကထက် ဈေးကောင်းရနေပြီး အရင်နှစ်က ရွှေဘိုပေါ်ဆန်းစပါးအသစ် တင်း ၁၀၀ ကို ငွေကျပ် ၁၁ သိန်းသာ ဈေးရခဲ့ပေမယ့် အခုနှစ်မှာတော့ တင်းတစ်ရာကို ကျပ် ၁၅ သိန်းကနေ ၁၆ သိန်းအထိ ဈေးရနေတယ်လို့ ဆိုပါတယ်။

ရွှေဘိုပေါ်ဆန်းစပါးသစ်တွေ ဈေးကောင်းသလို ရွှေဘိုပေါ်ဆန်းစပါးအဟောင်းကလည်း တင်းတစ်ရာကို ငွေကျပ်၂၆ သိန်းအထိ ဈေးပေါက်နေတယ်လို့ သိရပါတယ်။

ဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် ရွှေဘိုပေါ်ဆန်းစပါးအထွက်နှုန်းက အရင်နှစ်တွေကထက် လျော့ကျခဲ့ပြီး ပြည်တွင်းစားသုံးသူဈေးကွက်မှာလည်း ရွှေဘိုပေါ်ဆန်းကိုနှစ်ခြိုက်စွာစားသုံးကြလို့ စပါးဈေး၊ ဆန်ဈေးတွေကောင်းနေတယ်လို့ သိရပါတယ်။

လတ်တလော ဆန်ဈေးကွက်ထဲ ရွှေဘိုပေါ်ဆန်းအသစ် ၂၄ ပြည်တစ်အိတ်ကို ကျပ် ၅၅၀၀၀ ကနေ ကျပ် ၆၀၀၀၀ အထိရှိပြီး ဆန်ဟောင်းကတော့ ၂၄ ပြည်တစ်အိတ်ကို ကျပ် ၈၈၀၀၀ ကနေ ကျပ်တစ်သိန်းကျော်ဝန်းကျင်အထိ ရှိတယ်လို့ သိရပါတယ်။