MMA ပြိုင်ပွဲတွင် ဂျီဘာတိုကို ပွဲချိန်အတွင်း အလဲထိုးအနိုင်ယူမည်ဖြစ်ကြောင်း အောင်လအန်ဆန်ပြော

ထိုင်းနိုင်ငံ၌  ဇန်နဝါရီ ၁၃ ရက်တွင် ကျင်းပမည့် One Fight Night MMA အမည်ရှိMMA ပြိုင်ပွဲ၌ အောင်လအန်ဆန်နှင့် ဂျီဘာတိုတို့ပွဲစဉ်တွင် အောင်လအန်ဆန်က မိမိ၏တိုးတက်မှုများကို တွေ့မြင်ရမည်ဖြစ်ပြီး ပွဲချိန်အတွင်း အလဲထိုးအနိုင်ယူ မည်ဖြစ်ကြောင်း ပြောကြားသည်။

အောင်လအန်ဆန်သည် အစောပိုင်းက တရုတ်ဖိုက်တာ ဖန်ရွန်နှင့်ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ပြိုင်ပွဲနီးကပ်လာချိန်တွင်   ပြိုင်ဘက်  အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး ဘရာဇီးဖိုက်တာ ဂျီဘာတိုနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သကဲ့သို့ ဝိတ်တန်းပါပြောင်းလဲကာ ကတ်ဝိတ်တန်းပွဲစဉ်အဖြစ်  ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ဂျီဘာတိုက  မစ်ဒယ်ဝိတ်တန်း  သတ်မှတ်ချက်နဲ့မကိုက်ညီလို့  ကတ်ဝိတ်တန်းအဖြစ် ယှဉ်ပြိုင်ရမှာပါ။ ကတ်ဝိတ်တန်း ၂၁၅ ပေါင်ဝိတ်တန်းကလည်း ကျွန်တော့်အတွက်အဆင်ပြေပါတယ်။   ကျွန်တော် လိုက်ဖ်ဟဲဗီးဝိတ်တန်းမှာတောင် ယှဉ်ပြိုင်ဖူးပါတယ်။ ဂျီဘာတိုရဲ့  ခန္ဓာကိုယ်တည်ဆောက်ပုံက တော်တော်ကြံ့ခိုင်မှုရှိပါတယ်။    သူက ဘီဂျေဂျေခါးပတ်နက်ရရှိထားသူတစ်ဦးပါ။ ကျွန်တော်ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေက အလဲထိုးဖို့ကိုပဲဦးတည်ထားတာပါ။ ဒီပွဲမှာ ကျွန်တော့်ရဲ့တိုးတက်မှုတွေကို တွေ့မြင်ရမှာပါ။  ပရိသတ်အကြိုက် ကျွန်တော်ယှဉ်ပြိုင်သွားမှာပါ။  ဒီပွဲမှာလည်း   ပွဲချိန်အတွင်း  အလဲထိုးနဲ့   အနိုင်ရရှိအောင်ကြိုးစားသွားမှာပါဟု အောင်လအန်ဆန်ကပြောသည်။

အောင်လအန်ဆန်သည် ဂျီဘာတိုနှင့်ပွဲစဉ်တွင်  အနိုင်ရရှိမည်ဆိုပါက  ၎င်း၏ခါးပတ်ဟောင်းဖြစ်သည့် မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်အတွက် လက်ရှိ ချန်ပီယံ ဒီရစ်ဒါကို စိန်ခေါ်ခွင့်ရရှိမည်ဖြစ်ပြီး လက်ရှိတွင်    အောင်လအန်ဆန်နှင့်ပြိုင်ဘက် ဂျီဘာတိုတို့သည် ထိုင်းနိုင်ငံ၌ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။