ဂေါ်ရခါးသီးစိုက်နည်း

အပူသမပိုင်းနှစ်ရှည်သီးနှံပင်မျိုးဖြစ်သည်။ ဂေါ်ရခါးအညွှန့်ကို ချက်ပြုတ်ကြော်လှော်စားသုံးနိုင်သည်။
အသီးကိုလည်း ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပုတ်စားသုံးနိုင်သည်။ အကြမ်းခံသောအပင်ဖြစ်ပြီး မြေအမျိုးအစားအမျိုးမျိုးတွင် စိုက်ပျိုးနိုင်သည်။
(၁)စိုက်ပျိုးခြင်း
ဂေါ်ရခါးသီးတစ်လုံးကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အမြစ်အုံကို သားခွဲယူခြင်း စသည်ဖြင့်စိုက်ကြသည်။
တစ်ခါတရံ အကိုင်းဖြတ်ထိုးမျိုးပွား၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးရာတွင် အသီးရင်းကို အသီးဖျားထက် အနည်းငယ်နိမ့်၍စိုက်ပါ။
အသီးကို မြေပေါ်တွင် အလျားလိုက်ချ၍ အစေ့ကို အပေါ်ဘက်တွင်ထားပြီး အသီးတစ်ဝက်ဖော်၍စိုက်ပါ။ အသီးကို အပင်ဖောက်နေစဉ်
ရေမလောင်းရပါ။ အစေ့အပင်ပေါက်လာပြီးနောက် ရေကိုသင့်တင့်ရုံလောင်းပေးပါ။ တန်းကြားပင် ကြား စိုက်ရမည့်အကွာအဝေးမှာ
(၄ x ၄)ကိုက် (၄) ကွက်ကြားဖြစ်သည်။ ရှမ်းပြည်နှင့် ပြင်ဦးလွင်မြို့များတွင် (၆ x ၆) ပေထား၍ တစ်နေရာတွင်
(၂ – ၃)သီးထားကာ မြေပုံ၍ စိုက်ကြသည်။
(၂)မြေဩဇာထည့်သွင်းခြင်း
မြေဩဇာအဖြစ် မြေတစ်ပုံတွင် မြေဆွေး (၅)ကီလိုဂရမ်၊ ယူရီးယား (၄၅) ဂရမ်၊ တီစူပါ (၇၀ – ၈၅) ဂရမ်၊
ပိုတက်ရှ် မြေဩဇာ (၁၈) ဂရမ် ကိုထည့်ပေးပြီး ကိုင်းဖြာထွက်လာချိန်၌ တစ်ပုံတွင် မြေဆွေး (၅) ကီလိုဂရမ်၊
ယူရီးယား (၂၂၀)ဂရမ်နှင့် ပိုတက်ရှ် (၁၈၀) ဂရမ် ထပ်မံကျွေးပါ။ အစိုဓါတ်မပျက်အောင် ဂရုစိုက်၍ရေလောင်းပေးရမည်။
(၃)ကိုင်းပြုပြင်ပေးခြင်း
ပင်မကိုင်းအရှည်တစ်ပေခန့်ရှိလာသောအခါ ခေါင်နှိမ်ပေးပြီး ကိုင်းတက် (၂) ခုကို မွေးထားကာ အရှည် (၄ – ၅) ပေခန့်
ရောက်သော် တစ်ကိုင်းမှ ကိုင်းငယ် (၃) ခုစီဖြာထွက်စေရန် ထပ်မံခေါင်နှိမ်ပေးရမည်။ ပိုးမွှားကျရောက်မှုနည်း သော်လည်း
အပင်ညှိုးသေရောဂါနှင့် ရွက်ခြောက်ရောဂါများကျရောက်တတ်သည်။
(၄)ခူးဆွတ်ခြင်း
အသီးသည် သန္ဓေအောင်ပြီးနောက် ကြီးထွားမှု လျင်မြန်ပါက (၁၅/၂၀) ရက်ကြာသောအခါ ခူးဆွတ်နိုင်ပါသည်။
တစ်ကိုင်းလျှင် (၈) လုံးထိထွက်နိုင်ပြီး တစ်ပင်မှ ပျှမ်းမျှ အလုံး (၂၀၀ – ၃၀၀) ရနိုင်ပါသည်။
မျိုးအဖြစ်ထားမည်ဆိုပါက ပန်းပွင့်ပြီး (၄၅/၅၀) ရက်သားတွင် ခူးဆွတ်ရသည်။ ခူးဆွတ်ထားသောအသီးများကို
အေးသောနေရာတွင် တောင်းများ၊ သေတ္တာများတွင် ကောက်ရိုးခံ၍ ထည့်ထားရသည်။