ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးသူများ ဈေးကောင်းရ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်အတွင်းရှိ ဒေသကြက်တစ်ပိုင်တစ်နိုင် မွေးကြသူများအနေဖြင့် ဈေးကောင်းရရှိပြီး အပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်ကဒေသကြက်ကို တစ်ပိုင်တစ်နိုင်မွေးတာပါ။ အခုဒေသကြက်သားဈေးက ဈေးကောင်းတယ်။ အရင်ကတော့ အိမ်မှာ ဟင်းစားလေးရအောင်မွေးတာပါ။ နောက်တော့ တဖြည်းဖြည်းပွားလာတဲ့အတွက် ကြက်အုပ်ကတော်တော်များလာပြီး ခုလိုတစ်ပိုင် တစ်နိုင်မွေးဖြစ်သွားတာပါ။ ကြက်မကြီး ၇၈ ကောင်ရှိတယ်။ ရောင်းတမ်းဝင်တဲ့ကြက်က အကောင် ၉၀ ကျော်ရှိတယ်။ ကြက်ပေါက်တွေကလည်း များတယ်။ အဲလိုများလာတော့ ခြံလေးပြုလုပ်ပြီး စနစ်တကျလေးမွေးဖြစ်သွားတာပါ။ ပတ်ဝန်းကျင်လည်း မထိခိုက်အောင် ပြီးတော့ရောဂါပိုးမွှားလည်း မကျအောင်လို့ ဂရုစိုက်ရပါတယ်။ အရင်ကတော့ကြက်အသားဈေးက တစ်ပိဿာကို ငွေကျပ်၁၂၀၀၀ ပါ။ အခုကတော့ တစ်ပိဿာကိုငွေကျပ် ၁၈၀၀၀ အထိ ဈေးကောင်းရပါတယ်။ ဒီဒေသမှာက ဒေသကြက်ကို တစ်ပိဿာကျော်အရွယ်ဆိုရင် သိပ်မကြိုက်တော့ဘူး။ ၈၀ ကျပ်သားအရွယ်လောက်ပဲကြိုက်ကြတယ်။ တစ်လကို အပိုဝင်ငွေ နှစ်သိန်းကျော်ရရှိနေတဲ့အတွက် အဆင်ပြေပါတယ်” ဟု ဒေသကြက်တစ်ပိုင်တစ်နိုင်မွေးသူ ဦးရဲဝင်းထွန်းက ပြောသည်။

ယခုအချိန်တွင် ဒေသကြက်အသားဈေးမှာ ဈေးကောင်းရရှိပြီး ဝယ်ယူစားသုံးသူများပြားခြင်းကြောင့် ဒေသကြက်တစ်ပိုင် တစ်နိုင် မွေးသူများ အဆင်ပြေလျက်ရှိကြောင်း  သိရသည်။