ဒီဇင်ဘာ ၂၁ ရက်နေ့မှုခင်းသတင်းများ

-ဒီဇင်ဘာ ၂၀ ရက် ၁၂၂၀ နာရီတွင် ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်၊ သခွတ္တောရပ်ရှိ ပန်တလင်းဘုန်းကြီးကျောင်း၏ အနောက်ဘက်မုခ်ဦးအနီး၌ ဖွင့်လှစ်ထားသည့် ဒေါ်နန်းဝေလှိုင်(ခ)ဒေါ်ငွေလှိုင်(၃၅)နှစ်၊ ဈေးရောင်း၊ အမှတ်(၆) ရပ်ကွက်၊ ရွှေဘိုမြို့နေသူ၏ လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေသော ဦးမြတ်မျိုးထွန်း(၅၁)နှစ် အား PDF အကြမ်းဖက်အဖွဲ့ဝင် အင်အား ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး လက်လုပ်သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးမြတ်မျိုးထွန်း၌ ယာနားထင်သေနတ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးကာ ၎င်းပိုင်ဆိုင်သည့် ဆိုင်ကယ်(စိစစ်ဆဲ) ၁ စီး ယူဆောင်သွားခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၀ ရက် ၁၂၅၀ နာရီတွင် ကျောက်ဆည်မြို့နယ်၊ ကြက်လျှာကျေးရွာတွင် နေထိုင်သော ဦးထွေး ၏ဇနီးဖြစ်သူ ဒေါ်စန္ဒာ (၄၈)နှစ်၊ ဈေးရောင်းလုပ်ကိုင်သူသည် ညောင်ရွှေကျေးရွာသို့ ဈေးရောင်း၍ ဆိုင်ကယ်ဖြင့် နေအိမ်သို့ပြန်လာစဉ် ညောင်ရွှေ-ကြက်လျှာသွားလမ်း ရှင်ပင်ဆပ်ဘုန်းကြီးကျောင်းဝင်ပေါက်အနီးသို့ အရောက်၌ အကြမ်းဖက်သမား ကျား ၂ ဦးမှာ ဆိုင်ကယ် ၁ စီးဖြင့် နောက်မှလိုက်ပါလာပြီး ပစ္စတိုဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဒေါ်စန္ဒာတွင် ယာလက်ပြင်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၀ ရက် ၁၃၃၀ နာရီတွင် မြင်းခြံမြို့နယ်၊ ဇီးပင်ကန်ကျေးရွာတွင် နေထိုင်သော ဒေါ်တင်နွယ်(၇၀)နှစ်၊ တောင်သူသည် နေ့လည် ၁၂၃၀ နာရီခန့်တွင် ဇီးပင်ကန်ကျေးရွာ အနောက်တောင်ဘက်ရှိ ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းအတွင်း နွားစာမြက်ရိတ်ရန် နေအိမ်မှ တစ်ဦးတည်း ထွက်ခွာလာစဉ် အကြမ်းဖက် PDF ၁ ဦး ရောက်ရှိလာပြီး ဒေါ်တင်နွယ်၏နားတွင် ဝတ်ဆင်ထားသော ရွှေနားကပ် ၁ ရံအား ချွတ်ပေးရန်တောင်းယူစဉ် ဒေါ်တင်နွယ်မှ ဖြုတ်ပေးခြင်း မရှိသည့်အတွက်အနီးရှိ သစ်သား တုတ်ဖြင့် ရိုက်နှက်၍ ရွှေနားကပ် ၁ ရံ(ခန့်မှန်းတန်ဖိုး ၂၅၀,၀၀၀ သိန်းကျပ်ခန့်)အား ဖြုတ်ယူသွားခဲ့သဖြင့် ဦးခေါင်းယာဘက်ခြမ်း ဖူးယောင်ဒဏ်ရာ ၁ ချက်၊ လည်ပင်ညိုမဲဒဏ်ရာ၊ မျက်နှာ ဝဲ/ယာညိုမဲဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၀ ရက် ၁၃၄၅ နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ ကန်ချောက်ကျေးရွာအုပ်စု၊ ကြက်မွေးနှုတ်တဲတိုက်ကျေးရွာနေ ဦးစိုးမင်းအောင်(၃၃)နှစ်၊ တောင်သူလုပ်ကိုင်သူသည် ၎င်း၏နေအိမ်အနောက်ဘက်ရှိ လယ်ကွင်းအတွင်း စပါးသိမ်းနေစဉ် အကြမ်းဖက် PDF ကျား ၆ ဦးမှာ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားခဲ့ရာ ဦးစိုးမင်းအောင်တွင်  နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲနားထင်မှ နဖူး ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရ။

-ဒီဇင်ဘာ ၂၀ ရက် ၁၆၀၀ နာရီတွင် ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးကျေးရွာနေ ဦးသန်းလွင်(၅၂)နှစ်၊ တိုင်းရင်း ဆေးဆရာ လုပ်ကိုင်သူသည် ဆေးကုသရန်နေအိမ်မှ ၁၂၀၀ နာရီတွင် သိမ်ကုန်းကျေးရွာသို့ သွားရောက်စဉ် လမ်းတစ်နေရာအရောက်၌ PDF အကြမ်းဖက်အဖွဲ့ အင်အား ၅ ဦးခန့်မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ပြီး ၎င်း၏ လွယ်အိတ်အတွင်းမှ ငွေကျပ်(၁၀)သိန်းအား ယူဆောင်သွားကြောင်း ဦးသန်းလွင်မှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရှိရ။