ထိုင်းကျောင်းသား ၁၀၀ ကျော်ကို ဆံပင်ညှပ်ပြီး အပြစ်ပေးတဲ့ကျောင်းဆရာကို အရေးယူထား

ထိုင်းကျောင်းဆရာတစ်ဦးဟာ ကျောင်းတွင်းစုဝေးပွဲအတွင်း ကျောင်းသား ၁၀၀ ကျော်ကို ပုံဆိုးပန်းဆိုး ဆံပင်ညှပ်ပြီး ပြစ်ဒဏ်ပေးခဲ့တာကြောင့် ထိုင်းအာဏာပိုင်တွေက အဲဒီကျောင်းဆရာကို အရေးယူထားကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၇ ရက်က ထိုင်းနိုင်ငံမြောက်ဘက်ရဲ့ အလယ်ပိုင်းမှာရှိတဲ့ ဘန်ဆမ်ဖန်ခရိုင်ရှိ ကျောင်းတစ်ကျောင်းက အဲဒီဆရာနဲ့ သူ့ရဲ့အထက်အရာရှိတို့ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့ အစိုးရဌာနဆိုင်ရာတွေကို ထိုင်းပညာရေးဝန်ကြီး ထရွိုင်နွတ်သမ်သောင်က ညွှန်ကြားထားပါတယ်။

အဲဒီဖြစ်စဉ်ရဲ့ ဗီဒီယိုဖိုင်ကို ကျောင်းသားအခွင့်အရေးကို ဦးစားပေးလှုပ်ရှားနေတဲ့ အဖွဲ့တစ်ဖွဲ့က Facebook လူမှုကွန်ရက်ပေါ် လွှင့်တင်ခဲ့တာပါ။ ဗီဒီယိုဖိုင်ထဲမှာ ဆရာဖြစ်သူဟာ ကျောင်းသားတွေရဲ့ ဆံပင်ကို ကတ်ကြေးတစ်လက်နဲ့ ရုပ်ဆိုးအကျည်းတန်အောင် ညှပ်နေကြောင်း တွေ့ရပါတယ်။

ဒါ့အပြင် ကျောင်းတွင်းစုဝေးပွဲပြုလုပ်တဲ့ကွင်းထဲမှာ ကျန်ရစ်ခဲ့တဲ့ ဆံပင်အပိုင်းအစ ဓာတ်ပုံတွေကလည်း တွစ်တာလူမှုကွန်ရက်မှာ တက်လာခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ ဆံပင်ကို ထင်သလို ညှပ်လိုက်လို့ ခင်ဗျားအတွက် ဘာအကျိုးရှိလဲ။ ခင်ဗျားဟာ ဆရာ တစ်ယောက်မဟုတ်ဘူးလား။ ဆရာဘဝကို ဘယ်လိုအဆုံးသတ်ချင်သလဲဆိုတာ ကောင်းကောင်းစဉ်းစားထားပါ” လို့ တွစ်တာသုံးစွဲသူတစ်ဦးက မေးခွန်းထုတ်ခဲ့ပါတယ်။