တရုတ်- မြန်မာ နယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ဖို့ KIA ကို တရုတ်အထူးသံတမန်က ပြောကြားခဲ့ဟုဆို

တရုတ်-မြန်မာနယ်စပ်တစ်လျှောက် တိုက်ပွဲမဖြစ်ပွားရေး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ တရုတ်အထူးသံတမန်က KIA ကိုပြောကြားခဲ့ကြောင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ဆိုသူကို ဆက်သွယ်မေးမြန်းခဲ့တဲ့ CNI သတင်းဌာနက ဖော်ပြထားပါတယ်။

တရုတ်ပြည်သူ့သမ္မနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် H.E Mr. Deng Xijun ဆိုသူဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်မှာရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့စဉ်မှာ ပြောကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ တရုတ်အထူးကိုယ်စားလှယ်ဟာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၊”ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) တိုနဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။