တရုတ်နိုင်ငံ မြောက်ဖက်စွန်း မိုဟီမြို့မှာ အပူချိန် စံချိန်တင် ကျဆင်းမှုနဲ့ ကြုံတွေ့

တရုတ်နိုင်ငံ မြောက်ဖက်စွန်းရှိ မိုဟီမြို့မှာ မှတ်တမ်းမှတ်ရာတွေ ထားရှိပြီးနောက်ပိုင်း အပူချိန် စံချိန်တင် ကျဆင်းမှုနဲ့ ကြုံတွေ့နေရပါတယ်။ တရုတ်ရဲ့ မြောက်ဝင်ရိုးစွန်းလို့ ခေါ်တဲ့ မိုဟီမြို့ဟာ ရုရှား နယ်စပ်အနီး ဟီလောင်ကျန်း ပြည်နယ်မှာ တည်ရှိပါတယ်။

ဇန်နဝါရီ ၂၃ရက်က မိုဟီမြို့ရဲ့ မိုးလေဝသဌာနရဲ့ တိုင်းထွာချက်အရ မနက် ၇နာရီမှာ အပူချိန်ဟာ အနုတ် ၅၃ ဒီဂရီ စင်တီဂရိတ်အထိ စံချိန်တင် ကျဆင်းနေတယ်လို့ ဖော်ပြထားပါတယ်။အရင်က မိုဟီမြို့ရဲ့ အအေးဆုံး စံချိန်ဟာ ၁၉၆၉ ခုနှစ်က အနုတ် ၅၂ ဒီဂရီ စင်တီ ဂရိတ် ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ အအေးဆုံး စံချိန်ကတော့ ၂၀၀၉ခုနှစ် ဒီဇင်ဘာလက မွန်ဂိုးလီးယား အတွင်းပိုင်း ဂန်ဟီမြို့မှာ အနုတ် ၅၈ ဒီဂရီ ဖြစ်ပါတယ်။