ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေကို လုယူလုပ်ကိုင်တယ်ဆိုပြီး မြန်မာလုပ်သား ၃၉၀ ကျော်အပါအဝင် ရွှေ့ပြောင်းလုပ်သား ၈၃၀ ကျော်ကို ထိုင်းအစိုးရမှ တရားစွဲ

ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို လုယူလုပ်ကိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၈၃၃ ဦးကို ထိုင်းအစိုးရမှ တရားစွဲထားကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေနဲ့ ထိုင်းနိုင်ငံတဝန်းကို ရှောင်တခင် စစ်ဆေးမှု ၁၈,၀၀၀ ကျော် ပြုလုပ်၍ အမှုပေါင်း ၆၈၅ မှုတည်ဆောက်ကာ နိုင်ငံခြားသား ၂ သိန်းကျော်ကို စစ်ဆေးမှုပြုလုပ်ပြီး လူပေါင်း ၁၅၅၀ ဦးကို တရားစွဲဆိုခဲ့တာလို့ဆိုပါတယ်။

အဲဒီအထဲက လူပေါင်း ၈၃၃ ဦးတို့ဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကို လုယူလုပ်ကိုင်သူတွေအဖြစ် ပါဝင်ခဲ့တာဖြစ်ပြီး အဆိုပါ ၈၃၃ ဦးထဲမှာ မြန်မာလုပ်သားဦးရေက ၃၉၂ ဦးနဲ့ အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဥပဒေအရ နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားတာမဟုတ်ဘဲ ဈေးရောင်းခြင်း၊ ဆံပင်ညှပ်ခြင်း၊ အငှားတက္ကစီမောင်းခြင်း၊ အနှိပ်လုပ်ငန်းများကို ကိုယ်ပိုင်ဖွင့်ခြင်း အစရှိတဲ့လုပ်ငန်းတွေ လုပ်ကိုင်ခွင့်မရှိဘူးလို့လည်း သိရပါတယ်။

mhtnews