တရားမဝင်ပို့ဆောင်မည့် ထိုင်းဘတ်ငွေ သန်း ၈၀ ကို ထိုင်းရဲများက ဖော်ထုတ်ဖမ်းဆီးရမိ

ထိုင်းနိုင်ငံ မဲဆောက်ဘက်ကနေ မြန်မာနိုင်ငံထဲကို တရားမဝင်နည်းလမ်းနဲ့ပို့ဆောင်မယ့် ဘတ်ငွေ သန်း ၈၀ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်မြို့မှာ ဧပြီလ ၁၇ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ထိုင်းမှုခင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

အဲဒီငွေတွေက ထိုင်းအခြေစိုက် Hybrid Scam အွန်လိုင်း လိမ်လည်ဂိုဏ်းကငွေတွေဖြစ်တယ်လို့ သိရပြီး ဒီငွေတွေကို မြန်မာနိုင်ငံထဲက အွန်လိုင်းလိမ်လည်ဂိုဏ်းတွေအတွက် ပို့ဆောင်မှာဖြစ်ကြောင်း ထိုင်းမှုခင်းရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားသလို ငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ဆက်နွယ်နေသူ ၂၆ ဦးကိုလည်း ဖမ်းဝရမ်းထုတ်ပြီး လိုက်လံဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နဲ့ စင်ကာပူနိုင်ငံသားတွေပါဝင်တဲ့ အမှုနဲ့ဆက်နွယ်နေသူ အွန်လိုင်းလိမ်လည်ဂိုဏ်းဝင် ၄ ဦးကိုလည်း လိုက်လံဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောဆိုထားပြီး တရားခံတွေဆီက ဘတ်ငွေသန်း ၁၅၀ ကျော်ခန့် တန်းဖိုးရှိတဲ့ ငွေနဲ့ ပစ္စည်းတွေကိုလည်း ထပ်မံသိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဆာလာအိတ် ၅ လုံးနဲ့ ထည့်သယ်လာတဲ့ ဘတ်ငွေ သန်း ၈၀ ကိုတော့ မဲဆောက်မြို့ ဟွေ့ဟာအူးစစ်ဆေးရေးဂိတ်မှာ ယာဥ်မောင်းနဲ့အတူ ထိုင်းနိုင်ငံသားနှစ်ဦး လိုက်ပါလာတဲ့ ပစ်ကပ်ကားတစ်စီးကို စစ်ဆေးခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

crd