ဆေးဖက်ဝင်တဲ့ ကပ်စေးနှဲ (နွားမြီးကပ်)

ပင်ငယ်မျိုးဖြစ်၍ အချို့ဒေသများ၌ ၁၂ ရာသီလုံးပေါင်း၏။ ၃ ပေ ၅ ပေထိမြင့်၍ အကိုင်းအခက် မာကျော၏။ အမွေးထူ၏။ ဆူးကောက်လေးများရှိ၏။ 

ရွက်လွှဲထွက်သည်။ အရွက်ဝိုင်း၍ ရွက်နားပတ်လည် မညီညာသော အဟိုက် ၅-၇ ရှိသည်။ ရွက်ထိပ်ချွန်သည်။ အရွက်ကြောများ ရွက်ရင်းမှစ၍ ဖြာသည်။ ရွက်ညှာနှင့် အရွက်ထက်အောက် မျက်နှာပြင်နှစ်ဖက်လုံး၌ အမွှေးများရှိသည်။ ရွက်နားခွေးသွားစိပ်ရှိသည်။ 

ရွက်ညှာတံရင်းမှ ၁-၂ ပွင့်ထွက်၏။ အတွင်းဘက်ဝါ၍ အပြင်ဘက် နှင်းဆီရောင်သမ်း၏။ တန်ဆောင်မုန်းမှ ပြာသိုလတွင်ပွင့်၏။ 

အသီးသည် အဝါရောင်ရှိ၏။ အမြှောင်းငါးမြှောင်ပါ၏။ ရင့်လျှင် အလိုအလျောက်ကွဲ၍ လေးမြှောင်ရှိသော အစေ့များထွက်၏။ ပြာသို၊ တပို့တွဲလတွင် သီးမှည့်သည်။ မြစ်မြွှာများ သေးငယ်သည်။ ရေသောက်မြစ် အသင့်အတင့်ရှည်သည်။

အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ကပ်စေးနှဲတွင် ချို၊ ချဉ်၊ ဖန်၊ စပ်၊ ပူ အရသာပေါင်းများစွာ အချိုးကျပါဝင်သည်။ လေသလိပ်ကို ကြေစေ၍ အနာပေါက်ခြင်းကို ကာကွယ်၏။ သည်းခြေနာ၊ ဆီးနှင့် စပ်လျဉ်းသည့်ရောဂါ၊ နူနာ၊ အရေပြားရောဂါများအတွက် များစွာအကျိုးရှိ၏။ အရွက်သည် အဖျားကိုငြိမ်းစေ၍ ညောင်းကျခြင်းနှင့် ဆီးပူရောဂါတို့ကိုနိုင်၏။ 

အသုံးပြုပုံ

အရွက်

(၁) အရွက်ကို ငရုပ်ကောင်းနှင့် ကြိတ်၍ ည နံနက်တစ်ကြိမ်သောက်သော် ညောင်းကျရောဂါပျောက်၏။

(၂) အရွက်နှင့် နှမ်းနက်ကို ဆတူကြိတ်၍ မီးနွေးနွေးဖြင့် ချက်ပြီး ဖောရောင်သည့် နေရာများကို လိမ်းပေးသော် ပျောက်၏။

အမြစ်

(၁) အမြစ်အလေးချိန်တစ်ဆ ရေဆယ်ဆထည့်၍ ထက်ဝက်ခန်းကျိုပြီး အဖျားပြင်းထန်သူများအား တစ်နေ့ ၂ – ၃ ကြိမ်တိုက်သော် အဖျားသက်သာပျောက်ကင်း၏။ 

(၂) အမြစ်ခေါက်မှုန့်နှင့် သကြားခဲဆတူရော၍ နွားနို့နှင့် တစ်နေ့ ၂ ကြိမ်သောက်သော် သုတ်ဓာတ်နည်းခြင်းပျောက်၍ ကာမသတ္တိတိုးစေ၏။ 

(၃) အမြစ်ကို ရေနှင့်သွေး၍ တစ်နေ့  ၂ ကြိမ်ကျလိမ်းပေးသော် နို့ပျဉ်းကျခြင်း ပျောက်၏။

(၄) အမြစ်မှုန့်ကို နွားနို့များများနှင့် အမြုပ်ထအောင်မွှေ၍ တစ်နေ့ ၂ ကြိမ်သောက်သော် ပန်းနာချောင်းဆိုးရောဂါပျောက်၏။ 

(၅) အမြစ်မှုန့်ကိုရေနွေးနှင့် နေ့စဉ်သောက်သော် အစာမကြေရောဂါပျောက်၏။

(၆) အမြစ်ကိုရေ ထက်ဝက်ခန်းအောင်ကျို၍ သောက်သော် အဆစ်ကိုက်ခဲရောင်ရမ်းခြင်းပျောက်၏။

(၇) အမြစ်ပြုတ်ရည်ကို ရေသောက်တိုင်းသောက်ပေးသော် အဖျားအပူချိန် ပြင်းထန်ခြင်းကျ၍ အဖျားပျောက်၏။

(၈) အမြစ်ခေါက်ပြုတ်ရည်ကို ညောင်းကျရောဂါ၊ ဆီးအိမ်ပူလောင်ခြင်း ရောဂါများအတွက်သုံး၏။

( မြန်မာ့ဆေးဝါးပင်များစာအုပ်တွင် ပါဝင်သော ဆောင်းပါးကောင်းများထဲမှာ တစ်ပုဒ်ကိုကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်)

အခုလိုမျိုး အပင်တွေရဲ့ ဆေးဖက်ဝင်ပုံအကြောင်းကို ‘ ကကြီးကနေ အ အထိ’ သိချင်ရင်တော့ ‘ မြန်မာ့ဆေးဝါးပင်များ ‘ စာအုပ်ကို အစိမ်းရောင်လမ်းရဲ့ ဈေးတန်းကြီးကဏ္ဍမှာရှိတဲ့ ဗွေဆော်ဦးစာအုပ်ဆိုင်မှာ အော်ဒါတင်နိုင်သလို ဈေးတန်းကြီး fb page chat box မှာအမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်လေးပေးပြီး လာရောက်ဝယ်ယူနိုင်ပါတယ်ရှင့်

“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”