နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းတည်ဆောက်မည်ဖြစ်သည့်အတွက် မြေပိုင်ရှင်တောင်သူများအား မြေယာလျော်ကြေးများပေးအပ်

မွန်ပြည်နယ်၊ မုဒုံမြို့၌ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းစတင်ရန် တောင်သူ (၃၆ဝ)နီးပါးကို မြေယာလျော်ကြေးငွေကျပ် (၁၉)ဘီလျံအား စတင်ပေးလျော်လျက်ရှိကြောင်း သတင်းရရှိသည်။

နိုင်ငံတကာအဆင့်မီ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ ကော့ပရံကျေးရွာအနီးတွင် တည်ဆောက်သွားမည်ဖြစ်ပြီး ၎င်းစီမံကိန်းအတွက် မြေဧကပေါင်း ၃၄၄၇ ဒသမ ၄၂ ဧကကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ အသုံးပြုမည့်မြေဧကများအပေါ် တစ်ဧကလျှင် ငွေကျပ်သိန်း (၄ဝ)နှုန်းဖြင့် နိုင်ငံတော်မှ တောင်သူများအား ပေးလျော်လျက်ရှိကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

“တောင်သူကဦးရေ (၃၆ဝ)နီးပါးလောက်ရှိတယ်။ အဲဒီ(၃၆ဝ)နီးပါးကို ကျွန်တော်တို့က ၁၉ ဘီလျံကျော် လျော်ပေးရမှာပေါ့။ မြေယာလျော်ကြေးတစ်ဧက သိန်း(၄ဝ) နှုန်းနဲ့ နိုင်ငံတော်က ပေးတယ်။ တခြားအပင်တွေဆိုရင်လည်း တန်ဖိုးတွက်ချက်ပြီးတော့ ပေါက်ဈေးနဲ့ သုံးဆလျော်ပေးထားတာရှိပါတယ်” ဟု မွန် ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သော မတ်လ ၃ ရက်တွင် အပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ တောင်သူ(၄၇)ဦးအား လျော်ကြေးငွေအဖြစ် ငွေကျပ် ၃ ဒသမ ၆၂၅ ဘီလျံကို မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်းကိုယ်တိုင် လက်ရောက်ပေးလျော်ခဲ့ကြောင်း သိရသည်။

“ပြောချင်တာကတော့ ငွေကို ချက်ချင်းပဲ ပျောက်တာပျက်တာမဖြစ်အောင် ချက်လက်မှတ်တစ်ခါတည်းပေးလိုက်တယ်။ သူတို့ကတော့ မော်လမြိုင်က ဘဏ်မှာလာထုတ်ရမှာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။

နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်စီမံကိန်းနှင့်ပတ်သက်၍ တောင်သူ(၃၆ဝ)နီးပါးကို ယခု ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အပြီးပေးလျော်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။