ဂျပန်မှာ ပြင်းအား ၆ ဒသမ ၆ ရှိတဲ့ငလျင်လှုပ်ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားရ

ဂျပန်နိုင်ငံရဲ့ အစွန်အဖျားကျွန်းတွေအနီးအနားမှာ ငလျင်လှုပ်ခတ်ပြီးနောက် ဆူနာမီဆိုင်ရာ အကြံပေးချက်နဲ့သတိပေးချက်တွေကို အောက်တိုဘာ ၅ ရက်၊ ဒီကနေ့ မနက်ပိုင်း ထုတ်ပြန်ခဲ့ပါတယ်။

တိုရီရှီးမားကျွန်းအနီး ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ ပြင်းအား ၆ ဒသမ ၆ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဂျပန်မိုးလေဝသအေဂျင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ငလျင်ဗဟိုချက်ဟာ တိုကျိုမြို့တော်ရဲ့ တောင်ဘက် ကီလိုမီတာ ၅၅၀ (မိုင် ၃၄၀) ခန့်အကွာ ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ဖြစ်ပါတယ်။

ဂျပန်နဲ့ အနီးတဝိုက် ပင်လယ်ရေပြင်မှာ ဆူနာမီလှိုင်းဖြစ်နိုင်ခြေဟာ အမြင့်တစ်မီတာအထိရှိနိုင်ကြောင်း တာဝန်ရှိသူတွေက ခန့်မှန်းပြောကြားပါတယ်။

အဲဒီလှိုင်းပမာဏဟာ အနိမ့်ဆုံးအဆင့်သတိပေးချက်ဖြစ်ပုံရပါတယ်။

အထက်ပါသတိပေးချက်နဲ့ အကြံပေးချက်အရ ဂျပန်ပင်မကျွန်းစုရဲ့ ဗဟိုမှ တောင်ဘက်သို့ ဖြန့်ကြက်တည်ရှိတဲ့ Izu ကုန်းရိုးတန်းတလျှောက် ကျွန်းတွေပေါ်မှာ နေထိုင်သူတွေကို ပင်လယ်ကမ်းရိုးတန်းနဲ့ မြစ်ဝတွေကနေ ဝေးဝေးရှောင်ကြရန် NHK TV က ထုတ်လွှင့်ခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှု အများဆုံးနိုင်ငံတွေထဲမှ တစ်နိုင်ငံဖြစ်ပါတယ်။

၂၀၁၁ ခုနှစ်တုန်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ ဆူနာမီလှိုင်းဒဏ်ကြောင့် ဂျပန်နိုင်ငံရဲ့မြောက်ပိုင်းရှိ နေရာအများအပြား ပျက်စီးခဲ့ရပြီး ဖူကူရှီးမား နျူကလီးယား စက်ရုံအတွင်း ဓာတ်ပေါင်းဖိုတွေ အရည်ပျော် ဆုံးရှုံးခဲ့ရပါတယ်။