ကြွက်တက်ခြင်းဆိုတာ ဘာလဲ၊ ဖြစ်လာရင် ဘယ်လိုသက်သာအောင်လုပ်မလဲ

ကြွက်တက်ခြင်း(muscle cramp )ဆိုတာ ပြင်းပြင်းထန်ထန် နာကျင်စေတဲ့ ကြွက်သားရုတ်တရက် တောင့်တင်းခြင်း၊ ကျုံ့ခြင်းဝေဒနာဖြစ်ကာ စက္ကန့်အနည်းငယ်ကနေ မိနစ်အတော်ကြာတဲ့အထိ ကြာမြင့်တတ်ပါတယ်။ များသောအားဖြင့် ခြေထောက်မှာဖြစ်လေ့ရှိပါတယ်။

ညအိပ်စဉ်ကြွက်တက်ခြင်းက ပုံမှန်အားဖြင့် ခြေသလုံးကြွက်သားမှာ ရုတ်တရက်ဆတ်ခနဲဖြစ်ခြင်း၊တောင့်တင်းသွားခြင်းဖြစ်ပါတယ်။ တခါတရံပေါင်နဲ့ခြေဖဝါးမှာဖြစ်လာတတ်ပြီး အများအားဖြင့် အိပ်ပျော်နေစဉ်နဲ့ မနက်အိပ်ရာနိုးချိန်မှာဖြစ်လေ့ရှိပါတယ်။

ဘာကြောင့်ဖြစ်ရတာလဲ

ကြွက်တက်ရတဲ့အကြောင်းရင်းကို အတိအကျမပြောနိုင်သေးပါဘူး။ ဒါပေမယ့်နေထိုင်မှု အနေအထားနဲ့ လှုပ်ရှားမှု၊ လုပ်ဆောင်မှုတွေကြောင့်ဖြစ်လာတတ်ပါတယ်။ ဥပမာ –

  • လေ့ကျင့်ခန်းကြောင့်၊ ထိခိုက်မှုကြောင့်၊ ကြွက်သားကိုအသုံးပြုမှုများတာကြောင့်၊
  • ကိုယ်ဝန်ဆောင်ခြင်း။ ကြွက်တက်ခြင်းဟာ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္ထုဓါတ်တွေချို့တဲ့မှုကြောင့်၊ အထူးသဖြင့် ကိုယ်ဝန်လရင့်လာချိန်မှာဖြစ်လာတတ်ပါတယ်။
  • အအေးဓါတ်များတဲ့အချိန်၊ အထူးသဖြင့်အေးစိမ့်တဲ့ရာသီဥတုမှာဖြစ်တတ်ပါတယ်။
  • သွေးလည်ပတ်မှုဆိုင်ရာရောဂါတွေ၊ကျောက်ကပ်ရောဂါ၊ သိုင်းရွိုက်ရောဂါ၊ အာရုံကြောနှင့်ကြွက်သားများဆုတ်ယုတ်ပျက်စီးမှုရောဂါ(multiple sclerosis) တို့ိလို တခြားရောဂါတွေကြောင့်၊အိပ်နေစဉ်အတွင်းခြေထောက်အနေအထားမမှန်တာ
  • မညီမညာမျက်နှာပြင်တစ်ခုမှာ အချိန်ကြာကြာရပ်နေတာ၊ အချိန်ကြာကြာထိုင်တာ၊
  • သွေးတွင်းမှာ ပိုတက်စီယမ်၊ကယ်လ်စီယမ်၊နဲ့တခြားသတ္ထုဓါတ်တွေ မလုံလောက်တာ၊
  • ရေဓါတ်ခန်းခြောက်ခြင်း၊
  • စိတ်ငြိမ်ဆေး၊ သန္ဓေတားဆေး၊ ဆီးဆေး၊statins နဲ့ စတီးရွိုက် တို့လိုဆေးဝါးတချို့ကြောင့်ဖြစ်နိုင်ပါတယ်။

ကြွက်တက်ရင် ဘယ်လို ကုသနေထိုင်ရမလဲ

ကြွက်တက်ပြီဆိုရင် အမြန်ဆုံးသက်သာစေဖို့ ဘယ်နည်းကကိုယ့်အတွက်အကောင်းဆုံးဖြစ်မလဲဆိုတာ မသိနိုင်ပါဘူး။အောက်ပါ နည်းလမ်းတွေထဲက အဆင်ပြေရာကို လုပ်ကြည့်ပါ –

  • ကြွက်သားကို ဆန့်ပြီး နှိပ်နယ်ပေးပါ။
  • ကြွက်သားကိုပြေလျော့စေဖို့ရေနွေးနွေးနဲ့လောင်းပေးပါ။ရေနွေးဝတ်ကပ်ပေးတာလည်းကောင်းပါတယ်။
  • ရေခဲတုံး သို့မဟုတ်ရေအေးဝတ်ကပ်ပေးတာကလည်း တစ်နည်းပါ။ ဒီလိုကပ်တဲ့အခါမှာတော့ အရေပြားနဲ့ရေခဲ ကြားမှာ အဝတ်တစ်ခုခုခံထားဖို့တော့ မမေ့ပါနဲ့။
  • acetaminophen(Tylenol),ibuprofen(Advil,Motrin), ဒါမှမဟုတ် naproxen(Aleve) တို့လို အလွယ်တကူဝယ်ယူနိုင်တဲ့ဆေးဝါးတွေသောက်နိုင်ပါတယ်။
  • ကြွက်တက်ခြင်းအတွက် ဆရာဝန်ကသောက်ဆေးညွှန်ကြားတဲ့အခါ အတိအကျသောက်ပါ။ တစ်ခုခုအကြောင်းရှိရင် ဆရာဝန်ထံ ဆက်သွယ်ပါ။
  • အရည်များများသောက်ပါ။ ဓါတ်ဆားအချိုရည်တွေကလည်းခြေထောက်ကြွက်တက်ခြင်းအတွက် အထောက်အကူပေးပါတယ်။

ခြေထောက်မှာကြွက်တက်ချင်သလိုလိုဖြစ်လာပြီဆိုရင် လုပ်ဆောင်နိုင်တာက –

  • ဟိုလျှောက်ဒီလျှောက်လုပ်ပါ။
  • ခြေသလုံးကြွက်သားတွေကို ဆန့်ပါ။ ထိုင်နေရင်းဖြစ်ဖြစ်၊ မတ်တပ်ရပ်နေရင်းဖြစ်ဖြစ် လုပ်နိုင်ပါတယ်။
  • ထိုင်နေရင်းခြေထောက်ကိုဆန့်တန်းပါ၊ခြေဖျားကိုကော့လိုက် ကုပ်လိုက် လုပ်ပါ။
  • နံရံနဲ့ ၂ပေအကွာလောက်မှာရပ်ပြီး နံရံဘက်ကို လက်နှစ်ဖက်နဲ့ထောက်ပါ။ရှေ့ကိုညွှတ်ချချိန်မှာ ကြွက်တက်ချင်နေတဲ့ဘက်ကခြေထောက်ကို ဒူးဆန့်ထားပြီး ဖနောင့်ကိုကြမ်းနဲ့ထိထားပါ။ ဒီလိုလုပ်နေချိန်မှာ နောက်တစ်ဘက်ကိုတော့ကွေးထားပါ။

ကြွက်မတက်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

  • ရေနဲ့ အရည်များများသောက်ပါ။ ဆီးအရောင်က အဝါရောင်ဖျော့သထက်ဖျော့ပြီးရေလိုကြည်တဲ့အထိဖြစ်လာတဲ့အထိရေသောက်ပါ။
  • အရက်၊ဘီယာလျှော့သောက်ပါ သို့မဟုတ်ရှောင်ပါ။
  • ကယ်လ်စီယမ်၊ပိုတက်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ကြွယ်ဝပြီး ကျန်းမာရေးအတွက်ကောင်းတဲ့အစားအစာတွေ စားပါ (အထူးသဖြင့် ကိုယ်ဝန်ဆောင်ဖြစ်ရင်)
  • ကြွက်သားအနေအထားပြန်လည်ကောင်းမွန်စေဖို့ စက်ဘီးစီးပါ ဒါမှမဟုတ် စက်ဘီးစက်မှာ စီးပါ။
  • လေ့ကျင့်ခန်းမလုပ်မီနဲ့ အိပ်ရာမဝင်မီနေ့တိုင်းအကြောလျှော့လေ့ကျင့်ခန်းလုပ်ပါ။
  • လေ့ကျင့်ခန်းကို လုပ်နေကျထက် ရုတ်တရက်တိုးမလုပ်ပါနဲ့။ တစ်ပတ်ကို နည်းနည်းချင်းပဲတိုးပါ။
  • ဗီတာမင်အစုံပါတဲ့အားဆေးတွေသောက်ပါ။

ကြွက်တက်ခြင်း ဆက်တိုက် ပြန်ပြန်ဖြစ်နေရင် ဘာလုပ်ရမလဲ

ကြွက်တက်ခြင်းဝေဒနာက ဆက်တိုက်ပြန်ပြန်ဖြစ်နေရင် ဒါမှမဟုတ်ပြင်းထန်လာရင် ဆရာဝန်နဲ့ပြသဆွေးနွေးပါ။restless legs syndrome လို့ခေါ်တဲ့ ခြေထောက်ရောဂါတွေရဲ့လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။

ဒီဝေဒနာကြောင့် ညဘက်အိပ်မရတာတွေ ဖြစ်လာတယ်ဆိုရင် ဆရာဝန်က သင့်ကြွက်သားတွေပြေလျော့စေမယ့်ဆေးဝါးတွေ ညွှန်းပေးနိုင်ပါတယ်။

(Hello Health Groupမှ ကူးယူဖော်ပြသည်)