ကြက်သွန်နီ စိုက်ပျိုးနည်း

၁။ ရေမြေနှင့်ရာသီဥတု
ကြက်သွန်နီသည် ရေ အလွန် လိုအပ်သော သီးနှံ ဖြစ်သည်။ ထို့ကြောင့် အစိုဓာတ်ရှိသော မြေဖြစ်ပါက
မြေအတော်များများတွင် စိုက်ပျိုးနိုင်သည်။ မြေဆီသြဇာကို ပြည့်စုံစွာ ဖြည့်ဆည်းပေး၍ အစိုဓာတ် လုံလောက်စွာ
ပေးနိုင်ရန် လိုအပ်သည်။ ကြက်သွန်နီသည် အလွန်ချဉ်သောမြေကို မနှစ်သက်ခြင်းကြောင့်အောက် မြန်မာပြည်တွင်
စိုက်ပျိုးမှု နည်းသည်။ ကြိုက်နှစ်သက်သော မြေချဉ်ငံကိန်းမှာ ၆ မှ ၇ ဖြစ်သည်။
အပူအအေး သင့်တင့်သော ရာသီဥတုကို ကြိုက်နှစ်သက်သည်။
၂။ ပျိုးထောင်ခြင်း
အစေ့ကို တိုက်ရိုက် စိုက်နိုင်သော်လည်း ကုန်ကျစရိတ်များသောကြောင့် ပျိုးထောင်၍ စိုက်ပျိုးကြသည်။
ကြက်သွန် တစ်ဧက စိုက်ပျိုးရန်အတွက် ပျိုးခင်းသည် (၀.၀၅) ဧက အရွယ် ရှိရမည်။ သေချာစွာ
ပြင်ဆင်ထားသော ပျိုးခင်းတွင် မျိုးစေ့ကို ညီညာစွာ ကြဲ၍ လည်းကောင်း၊ အတန်းလိုက်သော်လည်းကောင်း
စိုက်ရမည်။ ပေါင်းလိုက်လွယ်ကူစေရန် အတန်းလိုက် စိုက်သင့်သည်။ စိုက်ပြီးသော မျိုးစေ့များကို နွားချေးမှုန့်ပါးပါးနှင့်
ပြန်လည်အုပ်ပေးပါ။ နေ့စဉ်ရေမှန်မှန်လောင်းပေးပါ။ မြေပြန့်တွင် ကြက်သွန်ကို အောက်တိုဘာလမှ နိုဝင်ဘာလ
အထိ ပျိုးထောင်သည်။ တောင်ပေါ်ဒေသ၌ မတ်လမှ ဇွန်လ အထိ ပျိုးထောင်ကြသည်။
၃။ မြေပြုပြင်ခြင်း
ကြက်သွန်သည် ပြောင်းရွှေ့ စိုက်ပြီးချိန်မှ စ၍ အထနှေးသောကြောင့် ပေါင်းမြက်မနိုင်လျှင် တစ်ခင်းလုံး
ပျက်စီးတတ်သည်။ ထို့ကြောင့် မြေပြုပြင်ချိန်တွင် ပေါင်းကို တစ်ပါတည်း ကြိုတင် နှိမ်ထားရမည်။
ကြက်သွန်ကို ဘောင်ပေါ်တွင် စိုက်ပျိုးခြင်းဖြင့်လည်းကောာင်း၊ ကန်သင်းဖော်ခြင်းဖြင့် လည်းကောင်း
စိုက်ပျိုးကြသည်။ များသောအားဖြင့် ဆည်ရေ၊ မြောင်းရေ သွင်းနိုင်သောအားဖြင့် ဆည်ရေ၊ မြောင်းရေ
သွင်းနိုင်သော ဒေသတွင် ဘောင်ဖော် စိုက်ပျိုးကြသည်။
၄။ စိုက်ပျိုးခြင်း
(က) ဘောင်ဖော် စိုက်ပျိုးနည်
ကြက်သွန်ကို စိုက်ပျိုးရန်အတွက် ဘောင်ဖော်ရာ၌ စိုက်ခင်း မြေမျက်နှာပြင် အနိမ့်အမြင့်ပေါ်မူတည်ပြီး
ညီညာသော အပိုင်းများ အလိုက်ဘောင်ဖော်ပေးရမည်။ သို့မှသာ ရေသွင်းရန် လွယ်ကူပြီး ရေသည် ညီညာစွာ
အကွက်ထဲသို့ ရောက်ရှိပေမည်။ ဘောင်နှင့် ညီအောင်ရေသွင်းပေးရမည်။
(ခ) ကန်သင်းဖော် စိုက်ပျိုးနည်း
ဤစိုက်ပျိုးနည်းကို ဆည်ရေရသော ဒေသများတွင် အသုံးပြုကြသည်။ ကြက်သွန်ခင်းပေါင်း ရှင်းရာ၌ အကွက်ထဲ ဝင်၍
မရှင်းသင့်ပေ။ နုနယ်သော ကြက်သွန်ပင်များကို ထိခိုက် ပျက်စီးစေနိုင်ခြင်းကြောင့် ကန်သင်းပေါ်မှနေ၍ ပေါင်းရှင်းနိုင်ရန်အတွက်
၄-၅ပေထက် မကျယ်သော အကွက်များကို ဖော်ပေးရမည်။ အရေးကြီးသော အချက်မှာ သဲချောင်း၏ အစိုဓါတ်ကို
အပင်က မိမိရရ စားသုံးနိုင်ရန် ဖြစ်သည်။
၅။ မြေသြဇာနှုန်းထား
ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး
ပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ-
(၁) ယူရီးယား – ၂အိတ်
(၂) တီစူပါ – ၂အိတ်
(၃) ပိုတက်ရှ် – ၁အိတ်
ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး
ကျန်တစ်ဝက်ကို စိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။
၆။ အပင်ပြုစုခြင်း
ကြက်သွန်ကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ပေါင်းကို နိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည်
ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏
အမြစ်သည် မြေ၏ အပေါ်ယံ အပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ် မထိခိုက်စေရန် သတိပြုရမည်။
ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။
မြေ အလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံ ထည့်ပေးပါ။
၇။ ရေသွင်းခြင်း
မြေအမျိုးအစားနှင့် ရာသီဥတုပေါ် မူတည်၍ ရေသွင်းသည့် အကြိမ်တူမည် မဟုတ်ပေ။ ကြက်သွန်ခင်းသည်
မစိုလွန်း၊ မခြောက်လွန်းသော အခြေအနေတွင် အမြဲရှိရန် လိုအပ်သည်။ ရေသွင်းချိန်ရောက် မရောက်ကို
ကြက်သွန်ပင်များ၏ အခြေအနေကို ကြည့်၍ အကဲခတ်နိုင်သည်။ ရေကို မလိုပဲ ရေသွင်းက ရောဂါကျ
တတ်သည်။ ကြက်သွန်ရေငတ်ပါက အရွက်များ ပြာမှိုင်းပြီး နွမ်းခွေလာသည်။ ရေ လိုအပ်မှုများပါက ဥခွခြင်း၊
မရင့်မီ အနှံထွက်လာတတ်သည်။ မြေ အလွန်ခြောက်အောင်ထားပြီးမှ ရေသွင်းက ကြက်သွန်၏ အခွံ အက်ကွဲတတ်သည်။
ရာသီဥတု ပူပြင်းပါက ၄-၅ ရက်ခြား တစ်ကြိမ်ခန့် ရေပေးသွင်းရန် လိုသည်။ အရွက်များ စတင် ကျလာချိန်တွင်
ရေသွင်းခြင်းကို လုံးဝ ရပ်လိုက်ပြီး ကြက်သွန် အမြိတ်များကို စုစည်း ချည်နှောင်ပေးခြင်း၊ ဆံမြိတ် ထုံးပေးခြင်းကို ပြုလုပ်ရမည်။
မတူးခင် ရေကို ၁၀ရက် ကြိုဖြတ် ထားရမည်။ ရေမဖြတ်ပါက အခွံပါးပြီး အထားမခံပါ။
၈။ ရိတ်သိမ်းခြင်းနှင့်အထွက်နှုန်း
အမြိတ်စား အတွက် ရိတ်သိမ်းပါက ကြက်သွန်ဥ ငယ်စဉ် အရွက်သည် ခဲတံလုံးခန့်ရှိလျှင် လက်ဖြင့် ဆွဲနုတ်ယူနိုင်သည်။
ဥကြီး အတွက် ရိတ်သိမ်းက အရွက်၏ ၁၅-၂၅% ခြောက်လာလျှင် လက်ဖြင့် ဆွဲနုတ် ရိတ်သိမ်းနိုင်သည်။ အရွက်များ
အားလုံးခြောက်မှ ရိတ်သိမ်းပါက ကြက်သွန်ဥသည် လက်ဖြင့် နုတ်ရန် မလွယ်လှချေ။ အမြစ်များသောကြောင့် ရောင်းတန်းလည်း
မလှပေ။ ကြက်သွန်ဥ နုတ်ပြီးလျှင်ပြီးချင်း အရွက်ကိုဖြတ်လိုက်ပါက အရည်အသွေး ပိုကောင်းသည် ဆိုကြသည်။
အရွက်ကို ၀.၅-၁လက်မချန်ပြီး ဖြတ်ရမည်။ ပျှမ်းမျှ တဧကလျှင် ပိဿာချိန် ၆၀၀၀-၈၀၀၀ ထိထွက်သည်။
ကြက်သွန်ဥများကို နေရောင်ဖြင့် အခြောက် မလှန်းရပါ။ ဖြတ်ပြီး ကြက်သွန်ဥများကို အေး၍ ခြောက်သွေ့ပြီး
လေဝင်လေထွက်ကောင်းသော နေရာတွင် သိုလှောင် အခြောက်ခံရမည်။
(အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြသည်)