ကြက်သားပလာတာလုပ်နည်း

ကြက်သားပလာတာကို အရသာရှိရှိလုပ်စားနိုင်ဖို့ ကူးယူဖော်ပြလိုက်ရပါတယ်ရှင်…
ပါဝင်ပစ္စည်းများ
(၁) ကြက်သား (ရေဆေးသန့်စင်ပြီး တစ်လက်မအရွယ်အတုံးလေးများတုံးကာ
ခနောကြက်သားမှုန့်နဲ့နယ်ထားပါ)
(၂) ခနောကြက်သားမှုန့်
(၃) အာလူး (၂.၅ စင်တီမီတာ အရွယ်အတုံးလေးများတုံးထားပါ)
(အရောင်မပြောင်းစေရန် ဆားရည်ထဲစိမ်ထားပေးပါ)(ချက်ခါနီးရေပြန်ဆေးပါ)
(၄) ကြက်သွန်နီ (ထောင်းထားပါ)
(၅) ကြက်သွန်ဖြူ (ညက်အောင် ထောင်းထားပါ)
(၆) ချင်း (ရေဆေးပြီး ညက်အောင် ထောင်းထားပါ)
(၇) ဆီ
(၈) နနွင်းမှုန့်
(၉) မဆလာ
(၁၀) ငရုတ်သီးအရောင်တင်မှုန့်
(၁၁) ကုလားပဲ (၁ နာရီခန့်ရေစိမ်ထားပါ)
(၁၂) ပလာတာ
အချဥ်ပြုလုပ်ရန်
၁။ ပူစီနံတစ်စည်း (အရွက်ခြွေရေဆေးထားပါ)
၂။ ငရုတ်သီးစိမ်း (ကတ်ကြေးနဲ့သေးသေးညှပ်ထားပါ)
၃။ သံပုရာသီး
၄။ ကြက်သွန်နီ (မထူမပါးလှီးထားပါ)
၅။ ဆားအနည်းငယ်
ချက်ပြုတ်ပြင်ဆင်ပုံ
ကုလားပဲကို ရေနဲ့ဆားအနည်းငယ်ထည့်ကာ မီးမပြင်းတပြင်းအနေအထားနဲ့ ကြိုတင်ပြုတ်ထားပေးပါ။
လက်နဲ့ဖိကြည့်လို့ နူးပြဲနေပြီဆိုရင် မီးပိတ်ထားလိုက်ပါ။ (ကုလားပဲအဖတ်လေးတွေမကြိုက်ရင် ပြုတ်ပြီးသားပဲကို
ငရုတ်ဆုံနဲ့ထောင်းနိုင်ပါတယ်နော်)
ဟင်းအိုးထဲကို ဆီထည့်ပြီး ဆီဆူလာတဲ့အခါ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ချင်း၊ နနွင်းမှုန့်၊ ငရုတ်သီးအရောင်တင်မှုန့်ထည့်ကာ
ဆီသတ်ပေးပါ။
ကြက်သွန်တွေနွမ်းသွားပြီဆိုရင်တော့ အရသာနယ်ထားတဲ့ ကြက်သားထည့်မွှေပေးလိုက်ပါ။ ဟင်းဆီသတ်နံ့လေးမွှေးလာပြီဆိုရင်
ရေထည့်၊ အဖုံးအုပ်ကာ ၁၅မိနစ်ခန့်ထားပေးပါ။ ပြီးရင်အာလူးထည့်ကာ ရေထပ်စွက်ပေးပါ။ ကြက်သားနဲ့အာလူးနူးပြီဆိုရင်
ပဲရည်နဲ့ပဲတွေကိုလောင်းထည့်ပေးပါ။
ဟင်းရည်ဆူလာပြီဆိုရင် ချန်ထားခဲ့တဲ့ ခနောကြက်သားမှုန့် ထည့်မွှေပေးပါ။ အရသာနဲ့အရည်အပျစ်အကျဲ စိတ်ကြိုက်
ဖြစ်ပြီဆိုရင် မဆလာထည့်ကာ မီးပိတ်နိုင်ပါပြီနော်။ အရည်ကျဲကျဲကြိုက်ရင် ရေလေးနည်းနည်းထပ်ရောနိုင်ပါတယ်နော်။
ပလာတာလေးတွေမျှင်ပြီး ကြက်ပဲဟင်းရည်မွှေးမွှေးလေးဆမ်းလိုက်ပါ။ ကြက်သားပလာတာနဲ့အလိုက်ဖက်ဆုံး ပူစီနံအချဉ်
လေးကလည်း လန်းဆန်းမွှေးပျံ့ပြီး အအီပြေစေပါလိမ့်မယ်။