ကုန်စျေးနှုန်းတွေပြန်တက်

အခုနှစ်ဇန်နဝါရီလပိုင်းကစလို့ အထွေထွေကုန်စျေးနှုန်းတွေဟာ ပြန်လည်တက်ရိပ်ပြလာခဲ့ပြီး ယနေ့ဖေဖော်ဝါရီ ၁ ရက်မှာတော့ စားအုန်းဆီတစ်ပိဿာ ၆၈၀၀ ကျပ်နဲ့ ပဲရောဆီတစ်ပိဿာဆိုပါက ၇၄၀၀ ကျပ်အထိပေါက်စျေးရှိနေတယ်လို့ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှ စုံစမ်းသိရှိရပါတယ်။

လက်ရှိအခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှာ ဆန်တစ်ပြည်စျေးနှုန်းက အနိမ့်ဆုံးစျေးကျပ် ၂၃၀၀ ကနေကျပ် ၃၈၀၀ ကျော်အထိရှိနေဆဲဖြစ်သလို အသားစျေးနှုန်းပြန်ကြည့်ပါက ကြက်သားတစ်ပိဿာဆိုပါက လတ်တလောပေါက်စျေးက ၁၂၀၀၀ ကျပ်နဲ့ ဝက်သားတစ်ပိဿာဆိုပါကကျပ် ၁၅၀၀၀ အထိ အခြေခံစားသောက်ကုန်စျေးကွက်အတွင်းမှာ ပေါက်စျေးရှိနေတာဖြစ်ပါတယ်။

“ကြက်သားစျေးကအခုထိမကျသေးဘူးလို့ပြောရမယ်၊အခုပိဿာလုံးစျေးဆိုရင်၁၂၀၀၀ ရောင်းပါတယ်။ အကောင်သေးတစ်ခြမ်းဆိုရင် ၄၀၀၀ နဲ့ရောင်းတယ်၊ဒိုင်မှာယူရတဲ့စျေးကိုကများနေတာမကျသေးတာပါ”လို့ ရန်ကုန်မြို့ရှိ စျေးတစ်ခုမှကြက်သားရောင်းချသူတစ်ဦးက ပြောပြခဲ့ပါတယ်။

အဲ့ဒီကြက်သားစျေးနဲ့အတူ ကြက်ဥစျေးနှုန်းတွေလည်းလိုက်ပါမြင့်တက်နေဆဲဖြစ်ပြီး လက်ရှိကြက်ဥတစ်လုံးဆိုပါက ၂၅၀ ကျပ်နဲ့ ဘဲဥတစ်လုံးဆိုပါက ၃၀၀ ကျပ်အထိ စျေးကွက်မှာပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။