Online မှငွေချေးပြီး ငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသည့်အဖွဲ့ကို ဖမ်းဆီးရမိ

မိဘပြည်သူများအား Online မှတစ်ဆင့် အတိုးနှုန်းမြင့်မားစွာဖြင့် ချေးငွေပေးခြင်းများပြုလုပ်၍ ၎င်းချေးငွေများအား အမြန်ဆုံးပြန်လည်ပေးသွင်းစေခြင်း၊ ပေးသွင်းခြင်းမရှိပါက အဆိုပါချေးငွေရယူစဉ် နည်းပညာအသုံးပြု၍ ၎င်းတို့ရယူထားသည့် အချက်အလက်များကို အသုံးချကာ ခြိမ်းခြောက်ငွေတောင်းခံခြင်းစသည်ဖြင့် ငွေကြေးလိမ်လည်မှုများ ပြုလုပ်လျက်ရှိကြောင်း လိမ်လည်ခံရသူများ၏ တိုင်ကြားချက်များ၊ အခြားသတင်းအချက်အလက်များအရ သိရှိရသဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် မှုခင်းရဲတပ်ဖွဲ့တို့က ပူးပေါင်း၍ ဖော်ထုတ်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိ။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ Mashala Tech CO.,Ltd အမည်ရှိ Online ချေးငွေလုပ်ငန်းဖြင့် အများပြည်သူများထံမှ ဂုတ်သွေးစုပ်ငွေကြေးအမြတ်ထုတ် လိမ်လည်လုပ်ကိုင်နေသူများအား ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၂ ရက်အထိ ဖော်ထုတ်ဖမ်းဆီးခဲ့။ မမြတ်စန္ဒာဝင်း(ခ)စန္ဒာအပါအဝင် စုစုပေါင်းတရားခံ ၁၃ ဦးအား ၎င်းတို့လိမ်လည်ရာတွင် အသုံးပြုသည့် ပစ္စည်းများဖြစ်သည့် Laptop ၁၃၃ လုံး၊ လက်ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရ။

မိဘပြည်သူများအနေဖြင့် ငွေကြေးလိမ်လည်မှုများ ပပျောက်စေရေးအတွက် မိမိတို့ပတ်ဝန်းကျင်တွင် အထက်ပါဖြစ်စဉ်များကဲ့သို့ ငွေကြေးနှင့်ပတ်သက်သည့် မသင်္ကာဖွယ်ရာအပြုအမူများနှင့် လိမ်လည်မှု ဆောင်ရွက်နေသည်ဟု ယူဆရမှုများအား တွေ့ရှိရပါက တာဝန်ရှိသူများထံသို့ အမြန်ဆုံး အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်တိုက်ဖျက်နိုင်ကြပါရန်နှင့် ငွေကြေးလိမ်လည်မှုဖြစ်စဉ်များနှင့်ပတ်သက်၍ သတိပြုနိုင်စေရေး သတင်းထုတ်ပြန်ထား။