ပေါ်တာကို ဆက်ထောက်ခံထားတဲ့ ချဲလ်ဆီး

အက်စ်တွန်ဗီလာအသင်းကို အရှက်တကွဲ အရေးနိမ့်ခဲ့ပေမယ့် ချဲလ်ဆီးအသင်းကတော့ နည်းပြပေါ်တာကို ဆက်လက်ထောက်ခံမှုတွေ ပြုနေဆဲဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

ဖိအားတွေအောက်မှ ရုန်းထွက်လာစ ပေါ်တာဟာ မနေ့က ဗီလာကို ၂ ဂိုးပြတ် ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြစ်တင်ဝေဖန်ခြင်း ပြန်လည် ခံနေရပြီး ဘိုင်ယန်နည်းပြဟောင်း နစ်ဂျယ်စမန်းနဲ့ အစားထိုးခံရဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် ချဲလ်ဆီး ဘုတ်အဖွဲ့ဝင်တွေကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ အနေအထားကို ဆက်လက်စောင့်ကြည့်လိုနေပြီး အဆိုပါ ပြိုင်ပွဲမှ မထွက်ခင်အချိန်အထိ ပေါ်တာကို ဖိအားပေးသွားမှာ မဟုတ်ကြောင်း သိရပါတယ်။

ချဲလ်ဆီးအသင်းဟာ မနေ့က ကစားခဲ့တဲ့ ဗီလာနဲ့ပွဲမှာ ပြိုင်ဘက်အသင်းဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်ကန်သွင်းနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုအပြင် အသင်းတိုက်စစ်ကစားသမားတွေရဲ့ လွဲချော်မှုတွေကြောင့် ပေါ်တာ တစ်ယောက် ရသင့်တဲ့ ရလဒ်မျိုး မရနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တစ်ဖက်က ဗီလာကလည်း နည်းပြ အမ်မရီနဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေ ပြသနေတာကြောင့် ချဲလ်ဆီးတို့ ထင်သလို ဖြစ်မလာခဲ့တာ ဖြစ်ပြီး လာမယ့် တစ်ခေါက် ကစားမယ့် လီဗာပူးလ်နဲ့ပွဲကိုသာ သေချာအာရုံစိုက်ဖို့ လိုအပ်နေသလို လီဗာပူးလ်ကလည်း မန်စီးတီးကို ရှုံးနိမ့်ထားတာကြောင့် ချဲလ်ဆီးနဲ့ပွဲကို သေချာပေါက် ပြင်းပြင်းထန်ထန် ပြင်ဆင်လာကြမှာ ဖြစ်ပါတယ်။

Credit