Google က ၂ နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့အကောင့်တွေကို ပယ်ဖျက်သွားမည်ဖြစ်

Google အကောင့်တစ်ခုခုကို အချိန်အတော်ကြာထိ အသုံးမပြုဘဲ ပစ်ထားမယ်ဆိုရင် ဒီဇင်ဘာ ၁ ရက်ကစ Google က ပယ်ဖျက်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလက Google ဟာ နှစ်နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့အကာင့်တွေကို ဖျက်ပစ်မှာဖြစ်ပြီး၊ မူဝါဒကို ဒီဇင်ဘာလမှာ စတင် အသက်သွင်းမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆိုလိုတာကတော့ နှစ်နှစ်ကြာ အသုံးပြုခြင်းမရှိတဲ့ Gmail တွေနဲ့ ချိတ်ဆက်ထားတဲ့ YouTube၊ Photos၊ Docs၊ Drive၊ Meet ၊Calendar စတဲ့ အခြား app တွေမှာလည်း သိမ်းဆည်းထားတဲ့ ဘယ်အရာမဆို ပျက်သွားနိုင်တယ်လို့ သိရပါတယ်။

အသုံးပြုသူဟာ အကောင့်ထဲ ဝင်ရောက်ပြီး အီးမေးလ်ဖတ်ခြင်း (သို့မဟုတ်) ပေးပို့ခြင်း၊ YouTube ဗီဒီယိုကြည့်ရှု ခြင်း (သို့မဟုတ်) Google မှာ ရှာဖွေမှုများစတဲ့ လုပ်ဆောင်ချက်များစွာထဲမှ တစ်ခုကို လုပ်ဆောင်ရင်တော့ အသုံးပြုနေဆဲ အကောင့်လို့ ယူဆပါတယ်။

ငွေကြေးလက်ကျန် (သို့မဟုတ်) active ဖြစ်တဲ့ အခပေးစာရင်းသွင်းမှုတွေရှိနေတဲ့ အချို့အကောင့်တွေကတော့ ဖျက်သိမ်းခံရခြင်းမှ ကင်းလွတ်ခွင့် ရရှိနိုင်မယ်လို့ သိရပါတယ်။