စပိုင်ဂြိုလ်တုက အိမ်ဖြူတော်နှင့် အမေရိကန်၏ စစ်ဘက်ဆိုင်ရာနေရာများကို ဓါတ်ပုံရိုက်ယူနိုင်ခဲ့


ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာလွှတ်နိုင်ခဲ့သော နိုင်ငံ၏ ပထမဆုံး စစ်ဖက်သုံးစပိုင်ဂြိုလ်တုသည် အိမ်ဖြူတော်နှင့် အမေရိကန်၏ စစ်ဘက်ဆိုင်ရာနေရာအများအပြားကို ဓါတ်ပုံများ ရိုက်ယူနိုင်ခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက ပြောခဲ့သည်။

အဆိုပါစစ်ဖက်သုံးစပိုင်ဂြိုလ်တုကို အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ တပ်ဖွဲ့များကို စောင့်ကြည့်ရန်အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ယခင်က ပြောခဲ့သည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်နှင့် အိမ်ဖြူတော်တို့ အပါအဝင် အဓိက ပစ်မှတ်ဒေသများရှိ အမေရိကန်စစ်တပ် နှင့် အစိုးရအဆောက်အဦးများ၏ ဓါတ်ပုံများကို ကြည့်ရှုသုံးသပ်ခဲ့ကြောင်း KCNA သတင်းဌာန က ဖော်ပြခဲ့သည်။

KCNA သတင်းဌာနက “မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းဟာ တရားဝင်မစ်ရှင်တွေ စတင်လုပ်ဆောင် တော့မယ့် စစ်ဖက်သုံးစပိုင်ဂြိုလ်တု Manrikyeong-1 ရဲ့စစ်ရေးပြင်ဆင်မှု ပရောဂျက်အောင်မြင်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး ကျေနပ်အားရကြောင်း ပြောခဲ့ပါတယ်။

အဲဒီစစ်ဖက်သုံးစပိုင်ဂြိုလ်တုဟာ ပစိဖိတ်သမုဒ္ဒရာ ဂူအမ်ကျွန်းမှာရှိတဲ့ Andersen အမေရိကန် လေတပ်အခြေစိုက် စခန်း၊ ရေတပ်စခန်းနှစ်ခုနဲ့ ဗာဂျီးနီးယားပြည်နယ်မှာရှိတဲ့ လေယာဉ်ကွင်းအပြင် အီတလီနိုင်ငံမြို့တော် ရောမမြို့ရဲ့ ဧရိယာတွေကိုလည်း ဓါတ်ပုံရိုက်ယူနိုင်ခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ်ကို ရိုက်ယူထားတဲ့ဓါတ်ပုံတွေမှာ အမေရိကန်ရေတပ်ရဲ့နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော(၄)စီးနဲ့ ဗြိတိန်လေယာဉ်တင်သင်္ဘော တစ်စီးတို့ကိုလည်း တွေ့မြင်ခဲ့ရပါတယ်” ဟု ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားဖက်မှ ဓါတ်ပုံများကို ထုတ်ပြန်ခဲ့ခြင်းမျိုးမရှိသည့်အတွက် အဆိုပါပြောဆိုချက်များကို အတည်ပြု ရန်ခက်ခဲကြောင်း တောင်ကိုရီးယားတာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဆိုပါဂြိုလ်တုဓါတ်ပုံများ၏ တည်ရှိမှု ကို အတည်မပြုနိုင်သေးကြောင်း အမည်မဖော်လိုသော အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် မြောက်ကိုရီးယား၏ ကြီးထွားလာနေသော ဂြိုလ်တုအစီအစဉ်များကို အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခဲ့ပြီး တောင်ကိုရီးယားသည် ၂ဝ၁၈ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် ချုပ်ဆိုထားသော စစ်ရေး သဘောတူညီချက်အချို့ကို ဆိုင်းငံ့ကာ နှစ်နိုင်ငံနယ်စပ်အနီးတွင် စောင့်ကြည့်လေ့လာရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

(NP News)