AA အဖွဲ့မှ တစ်နှစ်နီးပါး မတရားဖမ်းဆီး ထိန်းသိမ်းထားသည့် မွတ်ဆလင် ကျောင်းဆရာ တစ်ဦးအပါအဝင် (၈) ဦး ပြန်လည် လွတ်မြောက်လာ

AA အဖွဲ့မှ တစ်နှစ်နီးပါး မတရားဖမ်းဆီးထိန်းသိမ်းထားသည့် မွတ်ဆလင် ၈ ဦး ပြီးခဲ့သည့် ၂၀ – ၃ – ၂၀၂၃ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းတို့၏ မိသားစုဝင်များထံမှ သိရှိရသည်။

၎င်းတို့အား AA အဖွဲမှ ဆက်ကြေးနှင့် ရိက္ခာမပေးလိုဟုဆိုကာ ၂၀၂၂ ခုနှစ်ကတည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ဦးကျော်(ခ)သာစည်(ရခိုင်)ရွာအနီး၌ လာရောက်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။

ပြန်လွတ်လာသည့် မွတ်ဆလင် ၈ ဦးမှာ ဘူးသီးတောင်မြို့နယ် ဖိုးခေါင်ချောင်း ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် မူလွန်ကျောင်းအုပ် မော်ဂူဟူဆိမ်း၊ အသက် ၄၂ နှစ်အရွယ် မာမတ်အီဒီရိစ်၊ အသက် ၄၁ နှစ်အရွယ် ဟူဆောန်အာမတ်၊ အသက် ၃၁ နှစ်အရွယ် မာမတ်ဟူဆောန်၊ အသက် ၂၅ နှစ်အရွယ် ခိုက်ရုလ်အာမိန်၊ အသက် ၁၈ နှစ်အရွယ် မာမတ်အီလီယာစ်၊ အသက် ၂၆ နှစ်အရွယ် မာမတ်ဆီဒက်နှင့် အသက် ၄၉ နှစ်အရွယ် အဒူရာဇော့ တို့ဖြစ်ကြောင်း၊ အချုပ်ထဲ၌ ထမင်းဝလင်အောင်မစားခဲ့ရသည့်အပြင် မုန်တိုင်းပြီးကာလ၌ မကျွေးသည့်ရက်များပင် ရှိခဲ့ကြောင်း၊ နောက်ဆုံးတွင် ကျွေးစရာရိက္ခာလုံးဝမရှိတော့၍ ပြန်လည်စေလွှတ်ခံရခြင်း ဖြစ်ကြောင်းနှင့် ပြန်လည်လွတ်မြောက်လာချိန်၌ နှိပ်စက်ခံထားရသည့် ဒဏ်ရာများပင် ပါလာကြောင်း သိရှိရသည်။