တောင်ပို့မှို တစ်ပိုင်တစ်နိုင်ဖောက်နည်း

ဒီကနေ့မှာတော့ လုပ်ရလည်းလွယ်၊ ‌ဝင်ငွေလည်းရတဲ့ တစ်ပိုင်တနိုင် တောင်ပို့မှိုဖောက်နည်းလေးကို တင်ပြပေးမှာဖြစ်ပါတယ်။
ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ တပိုင်တစ်နိုင် လုပ်ကိုင်နိုင်သလို၊
မြေဧက အနည်းငယ်ရှိသူတွေ အတွက်လည်း စီးပွားဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါတယ်။
သဘာဝနည်းဖြစ်တဲ့အပြင် ဓာတုဗေဒဆေးဝါး ကင်းတာကြောင့် စားသုံးသူများအန္တရာယ် မရှိရုံသာမက
အနံ့အရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။
လုပ်နည်းမှာ ပါဝင်ပစ္စည်း (၃) မျိုးသာရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တကူ ရှာဖွေရလည်းလွယ်ပါတယ်နော်။
၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား ၂၀ သားခန့်၊
၂။ ထမင်းဖြူ ၆၅ ကျပ်သား ( တစ်ကီလို)၊
၃။ ရေ ၂ လီတာ (ရေသန့်ဗူး၂ဘူး) တို့ဘဲ ဖြစ်ပါတယ်။
ပထမဦးစွာ တောင်ပို့မြေနဲ့ ထမင်းဖြူတို့ကို ဇလုံတစ်ခုထဲမှာ ရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။
ထို့နောက် ရေဖြန်းခြင်း၊ မွှေခြင်းတို့ကို တစ်လှည့်စီလုပ်ပေးကာ ရေသန့် ၂ ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။
အဲ့ဒီနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက်မကျတဲ့နေရာ၊ မပူလွန်း မအေးလွန်းတဲ့နေရာမှာ ၇ ရက်ခန့် ထားရပါမယ်။
အဲ့အချိန်အတွင်း ဇလုံကို ရွှေ့ပြောင်းခြင်းမပြုဘဲ ငြိမ်သက်စွာ ထားရမှာပါ။
၇ ရက်ကျော်တဲ့အခါ ဇလုံရဲ့ မျက်နှာပြင်ပေါ်မှာ အမြှုပ်အဖတ် ဖြူဖြူ၊ မဲမဲများ တက်လာတာကို တွေ့ရပါမယ်။
အဲဒါဟာ မှိုဖောက်ဖို့ ကျူလ်လင်စီတွေဘဲ ဖြစ်ပါတယ်။ တနည်းအားဖြင့် မှိုမျိုးစေ့တွေဘဲ ဖြစ်ပါတယ်။
၎င်းမှိုမျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ၊ ကောက်ရိုးဆွေးပုံ၊ သစ်ပင်အောက်ရှိ မြေဆွေးတွေအပေါ်
နှံ့စပ်အောင်ချထားပေးပြီး ထားရပါမယ်။
မှိုမျိုးစေ့များ ချထားသောနေရာအား ၇/၈ ရက် တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့် အနံ့အရသာနှင့် ပြည့်စုံတဲ့
တောင်ပို့မှို (သို့) ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ ခူးယူ စားသုံးနိုင်ပါပြီ။
ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။ အိမ်တွင်း၊ တိုက်ခန်း၊ ကွန်ဒိုနေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေးထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ အကယ်၍ ကျူလ်လင်စီများ ပိုလျှံနေပါက ‌ရေသန့်ဗူးတစ်ဗူး ပမာဏဆိုလျင် ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး
၄င်းမှိုမျိူးစေ့ ချထားသော နေရာများအား ပက်ဖျန်းပေးခြင်းဖြင့် အပင်များကို ရှင်သန်ကြီးထွားစေသော မြေဩဇာကဲ့သို့ အသုံးပြုနိုင်ပါတယ်။ လွယ်ကူစွာလုပ်နိုင်တဲ့အပြင် စျေးကွက်အတွင်းရောင်းချပါက စျေးကောင်းရနိုင်တာမို့ အပိုဝင်ငွေရရှိစေနိုင်ပါတယ်ရှင်။