ပန်းပွဲတော်အပြင် ပြင်ဦးလွင်က လည်ပတ်ချင်စရာ နေရာများ

ပြင်ဦးလွင်ပန်းပွဲတော်သွားကြမယ်ဆိုရင် ကန်တော်ကြီးမှာပဲ ပန်းအလှတွေကြည့်ပြီးပြန်လာရင်မတန်ဘူးလေနော်
ဒီတော့ ပြင်ဦးလွင်မှာ ဘယ်နေရာလေးတွေလည်ပတ်လို့ကောင်းလဲဆိုတာ ဝေမျှပေးမှာမို့ ချစ်တို့လည်ဖြစ်အောင်
လည်ပတ်ခဲ့ကြနော်…
(၁) ဓာတ်တော်ချိုင့်ရေတံခွန်
အလွန်လှတဲ့ရေတံခွန်အမြင့်တစ်ခု ဖြစ်ပါတယ်။ အောက်ခြေအထိဆင်းပြီး သွားကြည့်ရင် ပိုလှပါတယ်။
ဒါပေမယ့် အပေါ်ပြန်တက်တဲ့ အခါမှာတော့ အခက်အခဲတွေ့နိုင်ပြီး ကိုယ့်အနားမှာ ကိုယ့်ကိုထမ်းခေါ်ပေးမယ့်
အထမ်းဆရာတွေ ရှိနေတတ်ပါတယ်။ ကိုယ့်ဘက်က လုံလောက်တဲ့ ကျန်းမာရေး အခြေအနေနဲ့ သက်လုံရှိမှ
ဒီရေတံခွန်ကို သွားသင့်ပါတယ်။ ရေတံခွန်မှာ အဆင့် (၃) ဆင့်ရှိပြီး အဆင့်တိုင်းက သူ့အလှနဲ့သူ ရှိနေပါတယ်။
ရေတံခွန်တစ်ခုလုံးရဲ့ အလှကိုတော့ The View ဟိုတယ်ကနေ လှမ်းမြင်ရပါတယ်။
(၂) မဟာအံ့ထူးကံသာစေတီ
ကြီးမားတဲ့ စကျင်ကျောက်ကနေ ထုဆစ်ထားတဲ့ ဆင်းတုတော်ကြီးက တရုတ်နိုင်ငံကို ပင့်ဆောင်သွားစဉ်မှာ
အခုဘုရားတည်တဲ့နေရာ အရောက်မြေခခဲ့တဲ့အတွက် ပြည်ချစ်ဘုရားအဖြစ် နာမည်ကြီးပြီး ခုလို မဟာအံ့ထူးကံသာ
စေတီကြီးကို တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။ ပြင်ဦးလွင်မြို့ကို အလည်လာသူတိုင်း လာရောက် ဖူးမြော်ကြပါတယ်။
မဟာအံ့ထူးကံသာစေတီအနောက်ဖက်လမ်းက ရပ်ကွက်လေးထဲမှာ အရမ်းအရသာရှိတဲ့ ရှမ်းစစ်စစ်အရသာရစေမယ့်
ရှမ်းခေါက်ဆွဲဆိုင်တစ်ဆိုင်လည်းရှိတာမို့ စားဖြစ်အောင်စားခဲ့ပါနော်။
(၃) ပွဲကောက်/ပွေးကောက် ရေတံခွန် သို့မဟုတ် BE Fall
မဟာအံ့ထူးကံသာဘုရားကို လာရောက် ဖူးမြော်ပြီးတာနဲ့ ဧည့်သည်အတော်များများက ဘုရားကြီးအရှေ့ဘက်
မျက်နှာချင်းဆိုင် လမ်းကနေ ဝင်သွားလို့ရတဲ့ ပွဲကောက်ရေတံခွန်ဆီကို ရောက်လာကြပါတယ်။ ပွဲကောက်ရေတံခွန်က
အလွယ်တကူ သွားလည်လို့ရတာရော၊ အပန်းဖြေဖို့ လွတ်လပ်မှုရှိတာရောမို့ ဧည့်သည်အတော် များတတ်ပါတယ်။
ပွဲကောက်မှာတော့ ဒေသထွက် ဝိုင်ပုလင်းတွေနဲ့ ယိုမျိုးစုံကို ရောင်းချတာ ပိုပြီးများပါတယ်။
(၄) ဒီဇင်ဘာခြံရေတံခွန်
ဒီဇင်ဘာခြံကို သွားရောက်လည်ပတ်ရင်း ရေတံခွန်သို့ဆိုတဲ့ ဆိုင်းဘုတ်ကနေ ၇မိနစ်လောက်ဆင်းသွားရင် ရေတံခွန်ကိုရောက်
ပါတယ်။ အတွင်းထဲမှာ ပန်းတွေနဲ့အလှဆင်ထားပြီး စားသောက်ဆိုင်တွေလည်းရှိပါတယ်။ စျေးလည်းသင့်တာမို့ သွားရောက်
အပန်းဖြေသင့်တဲ့ နေရာလေးဖြစ်ပါတယ်။ ကိုယ်တိုင်လှေလှော်ရင်း သဘာဝအလှတွေခံစားနိုင်သလို ရေပေါ်ရွက်ဖျင်တဲလေးတွေ
ပေါ်မှာနေရင်း ပျော်ပွဲစားထွက်လို့ရမယ့်နေရာလေးဖြစ်ပါတယ်။ ဝင်ကြေး ၂၀၀၀တည်းကျသင့်မှာမို့ တကယ်ကိုသွားရောက်လည်ပတ်
သင့်တဲ့နေရာလေးဖြစ်ပါတယ်။
(၅) ရေပျံတောင် ရေတံခွန်
ရေတံခွန်အသစ်တစ်ခု အနေနဲ့ရော တောလမ်းလျှောက်၊ တောင်တက်ခရီးစဉ် တစ်ခုအနေနဲ့ရော သဘာဝအလှကို
ခံစားဖို့ လာရောက်ကြသူ များပါတယ်။ ရေပျံတောင် ရေတံခွန်က ဓာတ်တော်ချိုင့် ရေတံခွန်လိုပဲ အသွားမှာတော့ အဆင်းချည်းပဲ
ဖြစ်ပြီး အပြန်မှာတော့ တောင်တက်ခရီး ဖြစ်သွားလို့ သက်လုံကောင်းဖို့၊ ဒူးကောင်းဖို့ လိုအပ်ပါတယ်။ ရေတံခွန် အဆင့် (၇) ဆင့်
ရှိပြီး အဆင့်တိုင်းမှာလည်း လှပကျယ်ဝန်းတဲ့ ရေတံခွန်လေးတွေ တွေ့မြင်ရပါတယ်။ အောက်ဘက်အဆင့်ကတော့ အလှဆုံးလို့
ဆိုကြပါတယ်။
(၆) ရွှေပြင်ဦးလွင် စပျစ်ခြံ
ရေပျံတောင်သွားတဲ့ လမ်းလေးပေါ်မှာပဲရှိပြီး မြို့ပြနဲ့ အလှမ်းဝေးတဲ့ တောတောင်သဘာဝအလှကို ခံစားကြရတယ်။
ဆင်ခေါင်းလေး ကျေးရွာမှာပါ။ မြို့ရှောင်လမ်းက ထင်းရှူးတန်းမှာ ဓာတ်ပုံရိုက်ရင်း သွားလည်နိုင်ပါတယ်။ စပျစ်ခင်းကြီးတွေကို
စနစ်တကျ စိုက်ပျိုးထားလို့ စပျစ်သီး တကယ်ခူးပြီး ဝယ်ယူစားသုံးနိုင်ပါတယ်။ စပျစ်သီး ဈေးတော့ကြီးတယ်လို့ ခံစားရပေမယ့်
စားရတဲ့ အရသာရယ်၊ ကိုယ်တိုင်ခူးရအောင် ဖန်တီးပေးတာလေးတွေ စဉ်းစားကြည့်ရင်တော့ တန်တယ်လို့ပဲ မှတ်ထားလိုက်မိတယ်။
(၇) ထင်းရှူးတန်း၊ ထင်းရှူးလမ်း
ခုတလောမှ ရေပန်းအတော်စားနေတဲ့ နေရာလေးပါ။ ပြင်ဦးလွင်မြို့ရှောင်လမ်းပေါ်မှာ ရှိပါတယ်။ ပြင်ဦးလွင်မြို့ရှောင်လမ်းဟာ
လမ်းအတော်ကောင်းမွန်ပြီး ထင်းရှူးတောလေးတစ်ခုကို ဖြတ်သန်းဖောက်လုပ်ထားတာဖြစ်လို့ ထင်ရှူးတန်းလေးနဲ့ ကားလမ်းလေးဟာ
ဓာတ်ပုံရိုက်ဖို့ အတော်ပြည့်စုံတဲ့ ရှုခင်းလေးဖြစ်သွားခဲ့ပါတယ်။ ဒီနေရာကို ဧည့်သည်အတော် များများလာပြီး ဓာတ်ပုံ ရိုက်ကြပါတယ်။
လမ်းအလယ်မှာ ရိုက်ကူးတဲ့အခါ ကားအန္တရာယ် သတိပြုပါ။
(၈) YGW Garden
စားသောက်ဆိုင်လေးနဲ့ တွဲဖက်ဖွင့်လှစ်ထားတဲ့ အပန်းဖြေစရာ နေရာတစ်ခုပါ။ ပန်းခြံလေးသဖွယ် ပြင်ဆင်ထားပေးပြီး ဝက်ဝံလေးတွေ၊
မျောက်လေးတွေ၊ ငှက်လေးတွေ မွေးမြူပြသထားပါတယ်။ ဓာတ်ပုံရိုက်စရာ Photospot ကောင်းတွေ အများကြီးရှိတဲ့အပြင်
ဆိုင်ရဲ့အပြင်အဆင်ကို ကန်းထရီးစတိုင်နဲ့ ပြင်ဆင်ထားပါတယ်။ လိုက်ဖက်မှုရှိတဲ့ ရှေးဟောင်း အသုံးအဆောင် အတော်များများကိုလည်း
တွေ့ရတတ်ပါတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ပိတ်ချင်းမြောင်သွားတဲ့ လမ်းအတိုင်း (ပြင်ဦးလွင် – လားရှိုးလမ်း) ကနေ
ဝက်ဝံရွာမဝင်ခင် တောင်ဆင်းဆင်းချင်း အကွေ့လေးမှာ YGW ခြံသို့ ဆိုတာလေး နံရံအဖြူတစ်ခုမှာ ရေးထားတာတွေ့ရင်
အဲ့ဒီလမ်းထဲကွေ့ပြီး တည့်တည့်သွားရုံပါပဲ။
(၉) တော်ဝင်နှင်းဆီခြံ
နှင်းဆီပန်းပင်တွေကို ထောင်ဂဏန်းကနေ သိန်းဂဏန်းအထိ အစားစားရောင်းချပေးနေတဲ့ တော်ဝင်နှင်းဆီခြံကလည်း
လည်ပတ်သူတွေ သွားရောက်လည်ပတ် ဝယ်ယူသင့်တဲ့နေရာတစ်ခုပါ။ ပန်းခြံမဟုတ်တော့ ဒီအတိုင်း လည်ပတ်တာထက် ဝယ်ယူရင်းမှ
လည်ပတ်တာက ပိုမိုသင့်လျော်ပါတယ်။ လမ်းညွှန်ပေးရမယ်ဆိုရင် ဆင်ခေါင်းလေးကျေးရွာမှာပဲ။ ရေပျံတောင်ဘက်လာရင်
မြို့ရှောင်လမ်းဘက်က ဖြတ်လမ်းတစ်ခုနဲ့ ဝင်လာတဲ့အခါ လမ်းခွဲတစ်ခုကို မြင်ရမယ်။ အဲဒီကျရင် ညာဘက်သွားရင် စပျစ်ခြံ၊
ဘယ်ဘက်သွားရင် နှင်းဆီခြံပဲ။ မဟာအံ့ထူးကံသာ ဘုရားကြီးအလွန်က လမ်းခွဲကနေ လာရင်လည်း အဲဒီခြံကို ရောက်နိုင်ပါတယ်။
(၁၀) အမျိုးသားအထိမ်းအမှတ်ဥယျာဉ်
National Landmark ပြင်ဦးလွင်ဟာလည်း လည်ပတ်ကြည့်ရှုဖို့ ကောင်းပါတယ်။ ပြင်ဦးလွင်ရာသီဥတုနဲ့မို့ အတွင်းဘက်မှာ
လည်ပတ်စရာ ဝေးလံပေမယ့် အေးအေးချမ်းချမ်းသွားလာ လည်ပတ်နိုင်ပါတယ်။ ပူတဲ့ရာသီမှာဆိုရင်တော့ နေအတော်ပူပါတယ်။
ဘက်ဂီကားလေးတွေနဲ့ သွားလာလည်ပတ်နိုင်ပါတယ်။ မြန်မာနိုင်ငံအဝန်းက အထိမ်းအမှတ် အဆောက်အအုံတွေကို မြင်တွေ့ကြရမှာပါ။
ဒီနေရာဟာလည်း အမျိုးသား ကန်တော်ကြီးဥယျာဉ်နဲ့ ကပ်လျက်မှာပဲ တည်ရှိပါတယ်။ ခေတ်မီကလေးကစားကွင်းရဲ့ ဘေးဘက်မှာပါ။
(၁၁) ထူး လိမ္မော်ခြံ
အရင်က ပင်လိန်ရွာမှာရှိတဲ့ ခြံတွေကို သွားရင် ဖြတ်ဖြတ်သွားတယ်။ အဲဒီကတည်းက လမ်းတွေကို သေချာလေး လုပ်ထားတော့
တစ်ခုခုအစီအစဉ်ရှိနေသလားမသိဘူးလို့ တွေးမိခဲ့တာ။ ခုတော့ ထူးလိမ္မော်ခြံအနေနဲ့ အများပြည်သူ အပန်းဖြေစရာနေရာလေး ဖြစ်သွားပြီ။
လက်မှတ်လေးတွေ ပေးတယ်။ အဲဒီလက်မှတ်ကို စားသောက်ဆိုင်မှာ ပြရင် သဘာဝလိမ္မော်ရည်တစ်ခွက် ဒါမှမဟုတ်
လိမ္မော်တုံးချိန်ဆိုရင် သဘာဝခြံထွက် ကော်ဖီတစ်ခွက် တိုက်တယ်။ လိမ္မော်သီးခူးဖို့အတွက်က ထော်လာဂျီလေး တွေစီးပြီး သွားရတယ်။
ခူးသမျှလည်း ပြန်ဝယ်ရတယ်။ တစ်ကီလိုကို ငွေကျပ် ၁၅၀ဝ လောက် ပေးရတယ်။ လမ်းညွှန်ပေးရရင် အလွယ်ဆုံးက ပင်လိန်ဘက်ကို
ပွဲကောက်ရေတံခွန်ထဲကနေ ဝင်လိုက်။ ရွာထဲလို့ပြောရင် ဝင်ကြေး မပေးရဘူး။ အဲဒီလမ်း အတိုင်းဝင်လာရင် ကွန်ကရစ်လမ်းလေးပေါ်
ရောက်လာမယ်။ အဲဒါဆို ထူးလိမ္မော်ခြံကို မြင်သာပါပြီ။
(၁၂) Governor’s House
ဘုရင်ခံနေခဲ့တဲ့ စံအိမ်ကြီးကိုလည်း လည်ပတ်သင့်ပါသေးတယ်။ တည်းခိုလိုသူတွေအတွက် ဈေးအတော်မြင့်မားစွာနဲ့ စံအိမ်တစ်ခုလုံး
ငှားရမ်းနေထိုင်နိုင်ပြီး စားသောက်ဆိုင်လေးတစ်ခုလည်း တွဲလျက်ရှိပါတယ်။ ရေကူးကန်ကလည်း Indoor Swimming Pool ပါ။
ခမ်းနားပါတယ်။ လေ့လာလိုသူတွေက ဝင်ကြေးပေးဆောင် လေ့လာရပြီး အတွင်းမှာ ဓာတ်ပုံရိုက်ကူးဖို့ ခွင့်ပြုလေ့မရှိပါဘူး။
ထူးခြားတဲ့ ဖယောင်းပုံတူရုပ်တွေကို တွေ့ရဦးမှာပါ။ အသက်ဝင်လွန်းပါတယ်။ ဖယောင်းရုပ်တွေ သက်တမ်းကြာလို့ ပြာစိမ်းနေတာလေးတော့ ရှိပါတယ်။ သီပေါမင်းရဲ့ ပုံတူဖယောင်းရုပ် အပါအဝင် ဖယောင်းရုပ်အတော်များများက စိတ်ဝင်စားစရာ ပုံဝတ္ထုကို လာရောက်လည်ပတ်သူတွေကို ပြောပြပေးနေပါတယ်။
(၁၃) သူရဲကောင်းကြေးရုပ်တုများ
ပြင်ဦးလွင်မြို့အဝင်နားက စစ်တက္ကသိုလ်ရှေ့မှာ မြင်တွေ့ရတဲ့ မြန်မာ့သူရဲကောင်းစစ်သည် ရုပ်တု သုံးခုဟာလည်း မြို့ကို အလည်လာသူတိုင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးရာနေရာတစ်ခု ဖြစ်ပါတယ်။
(၁၄) နာရီစင်
ပင်ဦးလွင်မြို့ရဲ့ နာရီစင်ဟာလည်း ဓာတ်ပုံ ရိုက်ကူးသူတွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေတဲ့ နေရာတစ်ခုပါ။ နာရီစင်ကနေဆက်ဝင်သွားမယ်ဆိုရင် စျေးကြီးကိုရောက်ပါတယ်။ နာမည်ကြီး ဦးဖြိုးဒံပေါက်၊ အရသာရှိတဲ့ မြန်မာမုန့်တွေ၊ အနွေးထည်လှလှလေးတွေ၊ စစ်ပစ္စည်းမျိုးစုံဝယ်လို့ရပါတယ်။ နာရီစင်နဲ့ကပ်လျက်မှာလည်း နာမည်ကြီး ကိုရီးယားအစားအစာရောင်းတဲ့ဆိုင်လေးလည်းရှိပါတယ်နော်။
(၁၅) Mico Hill
အရင်က ထိုင်းကို အလည်သွားရင် ချစ်စရာ ကောင်းအောင် ပန်းခြံလေးတွေကို ဥရောပပုံစံတွေ၊ ရုပ်တုလေးတွေ၊ ပန်းတွေနဲ့ ပြင်ဆင်ပြီး
ခရီးသွားတွေကို ဆွဲဆောင်ကြတာမြင်တော့ မချင့်မရဲဖြစ်တယ်။ ကိုယ်တွေဆီမှာ မရှိလို့။ ဟော အခု Mico Hill ကို မြင်လာတော့
ထိုင်းကပုံစံမျိုးလို့ ခံစားရပြီး သဘောကျတယ်။ အလွန်ကြီးတော့ လက်ရာ မသေသပ်ပေမယ့် အတော်လေး အဆင်ပြေနေတာ တွေ့ရတာ
အားတက်မိတယ်။ တည်းခိုနေထိုင်လို့ ရအောင်အထိ ရည်ရွယ်တည်ဆောက်နေတဲ့ ဒီ Resort မှာ ပန်းခြံလေးတွေ၊ ဆင်ပေးထားတဲ့
ဓာတ်ပုံရိုက်ချင်စရာနေရာနဲ့ အဆောက်အအုံတွေက လူငယ်ကြိုက်ဖြစ်ပါလိမ့်မယ်။ ရှေ့အဝင်မှာတော့ စားသောက်ဆိုင်တစ်ခု ဖွင့်ထားပါတယ်။ ပြင်ဦးလွင် – လားရှိုးလမ်း အတိုင်း၊ မဟာအံ့ထူးကံသာဘုရားကြီးအကျော်ကို မိနစ်နည်းနည်း ဆက်သွားရင် လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ရှိပါတယ်။
(၁၆) ပစ်တိုင်းထောင်ကျောင်း
ပြင်ဦးလွင် – လားရှိုးလမ်းအတိုင်း ဒီဇင်ဘာခြံကို ကျော်လာခဲ့ရင် မှိုင်းလုံးရွာအကျော်မှာရှိပြီး BOC ဆီဆိုင်မရောက်ခင်မှာရှိပါတယ်။
လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ပစ်တိုင်းထောင်ကျောင်း လမ်းညွှန်ဆိုင်းဘုတ်တွေ့မယ်။ အဲဒီလမ်းညွှန် ဆိုင်းဘုတ်လေးရှိရာလမ်းအတိုင်း
အတွင်းကို ခပ်ဝေးဝေး ဝင်လာရင် ပစ်တိုင်းထောင်အရုပ် လေးတွေများစွာနဲ့ ဗုဒ္ဓရုပ်ပွားတော်များစွာ လှပသပ္ပာယ်ထူးခြားစွာ
တည်ဆောက်ထားတဲ့ ပစ်တိုင်းထောင်ကျောင်းနဲ့စေတီကို ဖူးမြင်ကြရပါလိမ့်မယ်။ အတော်ထူးခြားတဲ့ စိတ်ကူးလေးပါပဲ။
တောင်ကုန်းလေး အဆင့်ဆင့်မှာ တစ်တန်းချင်း ရုပ်ပွားတော်တွေကို ဖူးကြရမယ့်အပြင် အရောင်အစပ်အဟပ် ထူးခြားတော့
ဓာတ်ပုံရိုက်ဖို့အတွက်ပါ အဆင်ပြေနေတာ တွေ့ရပါတယ်။
(၁၇) စူဠာမဏိ ပုထိုးတော် ကြီးနဲ့ မြမဉ္ဇူလေးမျက်နှာ ဘုရားကြီး
ဘုရားဖူးတွေနဲ့ ခရီးသွားတွေ သတိမပြုမိဘဲ ကျော်သွားတတ်တဲ့ ဒီဘုရားဟာ Ruby Mart ဘေး မြဝတီဆီဆိုင်ရှေ့
မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ အတွင်းကို ဝင်သွားလိုက်ရင် တည်ဆောက်ဖွဲ့စည်းထားပုံ ထူးခြားတဲ့ ဒီဘုရားကြီးကို ဖူးမြင်ကြရမှာပါ။
အတွင်းဘက်မှာ ကျောင်းတိုက်တွေလည်းရှိပြီး ကားရပ်ဖို့လည်း နေရာ လုံလောက်ပါတယ်။ အပေါ်ထိတက်ပြီး ဖူးလို့ရတာမို့
ရှုခင်းလည်းလှပါတယ်။
(၁၈) ဇိနမာန်အောင် ကျောက်တောင်စေတီ
ပြင်ဦးလွင်မြို့အဝင်မှာ မြင်တွေ့ဖူးမြင်ကြ ရတာဖြစ်ပြီး တောင်လေးပေါ်ကို တက်သွား ရသလိုမို့ မြို့အပြင်ဘက်ခြမ်းက
လူနေအိမ်လေး တွေနဲ့ တောင်၊ ချောက် စတာတွေကို မြင်တွေ့ နိုင်မယ့်နေရာလည်း ဖြစ်ပါတယ်။
တောင်ပေါ်ကနေ ရှုခင်းလည်း အရမ်းလှပါတယ်။
(၁၉) နှီးဘုရား
ဓာတ်တော်ချိုင့်ရေတံခွန်နား မရောက်ခင်လေး ပြင်ဦးလွင်ဘက်အတက်လမ်း ညာဘက် အခြမ်းမှာ ရှိပါတယ်။ အတွင်းဘက်ကို နည်းနည်း
ဝင်ရတယ်။ မြို့ရှောင်လမ်းကနေ သွားရင်လည်း ရောက်ပါတယ်။ နှီးဘုရားကြီးကို ဖူးမြော်ရင်း ဝန်းကျင်သဘာဝအလှကို ခံစားနိုင်ပါတယ်။
(၂၀) တရုတ်ဘုံကျောင်း
ပြင်ဦးလွင်ရောက်ရင် သွားရောက်လည်ပတ်ပြီး ဘုရားဖူးသင့်တဲ့အထဲမှာ တရုတ်ဘုံကျောင်း ကြီးလည်း ပါဝင်ပါတယ်။ သက်သတ်လွတ်
စားသောက်ဆိုင်တစ်ခုလည်းရှိတဲ့ ဒီဘုံကျောင်းကြီး အတွင်းမှာ ဘုရားဖူးရင်း ဗေဒင်မေး စာချနိုင်ပါတယ်။ တရုတ်နံပါတ်နဲ့ ဟောစာတမ်းတွေကို သီလရှင်ဆရာလေးများက ကူညီပေးလေ့ရှိတတ်ပါတယ်။ ဘုံကျောင်းကြီးအတွင်းမှာ ဓာတ်ပုံရိုက်ဖို့ လှပနေပြီး ဝတ်စုံငှားတဲ့နေရာလည်းရှိလို့ တရုတ်၊ ကိုရီးယားဝတ်စုံများကို ငှားရမ်းဓာတ်ပုံရိုက်ကူးနိုင်ပါတယ်။
(၂၁) ပိတ်ချင်းမြောင် သဘာဝလိုဏ်ဂူ
ဒီနေရာကတော့ နာမည်ကျော်ပါ။ ပြင်ဦးလွင် ရောက်သူတိုင်း လာရောက်လည်ပတ်ကြပြီး လိုဏ်ဂူအတွင်းက ဘုရားတွေကို ဖူးမြော်ကြပါတယ်။ ရေတံခွန်အငယ်စားလေးလည်းဖြစ်လို့ ရေကစားကြသူများလည်း ပေါများပြီး နေ့လယ်စာ ထမင်းဆီဆမ်း၊ ဆတ်သားခြောက်ဖုတ် စတာတွေစားသုံးလို့ကောင်းတဲ့နေရာ ဖြစ်ပါတယ်။ လက်ဆောင်ပစ္စည်းတွေ၊ ပရဆေးနဲ့ တောထွက်ပစ္စည်းတွေ ဝယ်လို့ရတဲ့နေရာတစ်ခုပါ။
ခွေးလှေးယားစေ့ အနက်လည်း ဒီမှာဝယ်လို့ရပါတယ်။
(၂၂) တောင်ပုလစေတီ
ဝက်ဝံ ရွာ၊ပိတ်ချဥ်းမြှောင် ဝင်ပေါက်ကျော်ပြီးရင် လမ်းမကြီးရဲ့ ညာဘက် ချမ်းမြေ့ဆေးလမ်းအတိုင်း ဝင်သွားရင် တောင်ပုလတောင် ရှိပါတယ်။ ယခု တောင်ထိပ် မှာ ဘုရားတည် ရှုခင်းသာ လေးတွေ လုပ်နေတယ်။ ကိုယ်ပိုင်ကားကတော့တောင်ခြေ ကားရပ်တဲ့ ကွင်းမှာဘဲ ရပ်သင့်ပါတယ်။ တောင်အတက်လမ်းက မတ်စောက် ပြီးကွေ့တွေကျဥ်းပါတယ်။ တောင်ပေါ်တက်ဖို့တော့ လူတစ်ယောက် တစ်ထောင် နဲ့ ကားပြေးဆွဲပေးပါတယ်။ ပြန်အဆင်းတော့ အခမဲ့ပါ။ ပတ်ဝန်းကျင်မှာ ရှုခင်းတွေ လှပါတယ်။ ဆရာတော်(ဦးဇင်) ကြိုးပမ်းမှုကြောင့် စည်ကားလာပြီး လည်ပတ်စရာနေရာတွေ ရလာတာဖြစ်ပါတယ်။