အာကာသတပ်ဖွဲ့သစ် တစ်ဖွဲ့အား တောင်ကိုရီးယားတွင် အမေရိကန်ဖွဲ့စည်း

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန် စွာကာကွယ်နိုင်ရေးအတွက်  အာကာသတပ်ဖွဲ့သစ်တစ်ဖွဲ့အား   အမေရိကန်က တောင်ကိုရီးယား၌ ဒီဇင်ဘာ ၁၄ ရက်တွင် ဖွဲ့စည်း လိုက်ကြောင်း သိရသည်။

ယခုဖွဲ့စည်းလိုက်သည့် အာကာသတပ်ဖွဲ့သစ်သည် ပြည်ပနိုင်ငံများတွင် အမေရိကန် ကဖွဲ့စည်းခဲ့သည့် ဒုတိယမြောက်အာကာသ တပ်ဖွဲ့ဖြစ်လာသည်။ အဆိုပါတပ်ဖွဲ့သစ် ၏ လုပ်ဆောင်ချက်များမှာ အဓိကအားဖြင့်တောင်ကိုရီးယားနိုင်ငံပိုင်နက်အတွင်းသို့ဝင်ရောက်လာမည့် ဒုံးကျည်များခြေရာခံ ခြင်း၊ လမ်းကြောင်းရှာခြင်း၊ စောင့်ကြည့်  ခြင်းနှင့် အမေရိကန်စစ်တပ်၏အာကာသ စွမ်းဆောင်ရည်ကိုတိုးမြှင့်ခြင်းတို့  ပါဝင်သည်။ တောင်ကိုရီးယားရှိ အမေရိကန် အာကာသတပ်ဖွဲ့အား ဒုတိယဗိုလ်မှူးကြီး ဂျော့ရှုအာမက်ကယ်လီယန်က  ဦးဆောင် သွားမည်ဖြစ်ပြီး တပ်မှူးမှာ ဗိုလ်ချုပ်ကြီး ပေါလ်လာကမ်မီလာ ဖြစ်ကြောင်း  သိရသည်။

ယခုအသစ်ထပ်မံဖွဲ့စည်းလိုက်သည့် အမေရိကန်အာကာသတပ်ဖွဲ့သည် ကိုရီးယားကျွန်းဆွယ်နှင့်  အရှေ့မြောက်အာရှဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ထိန်းသိမ်းရာတွင် အမေရိကန်၏စွမ်းဆောင် ရည်ကိုတိုးမြှင့်ပေးမည်ဖြစ်ကြောင်း ကိုရီးယားအာကာသတပ်ဖွဲ့မှ တပ်မှူး ဗိုလ်ချုပ်ကြီး ပေါလ်လာကမ်မီလာက ပြောကြားသည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုနှစ် အတွင်း အမေရိကန်ပင်မကုန်းမြေအထိ ရောက်ရှိပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို   ပစ်လွှတ်ပြီးနောက်   ယင်းနိုင်ငံ၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများကို ကာကွယ်နိုင်ရေးအတွက်  တောင်ကိုရီးယားနှင့်  အမေရိကန်တို့က ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

တောင်ကိုရီးယားနှင့် အမေရိကန်တို့ သည် ၁၉၅၀ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲအား အပစ် အခတ်ရပ်စဲရေး  သဘောတူညီချက်ဖြင့်  အဆုံးသတ်ပြီးနောက်ပိုင်း လက်မှတ်ရေးထိုး ခဲ့သည့် အပြန်အလှန်ကာကွယ်ရေးသဘော တူညီချက်အရ အမေရိကန်က ၎င်းတို့၏စစ်သည်၂၈၅၀၀ ဦးအား တောင်ကိုရီးယား တွင် ဖြန့်ကြက်ထားသည်။

Ref;ST

နိုင်ငံတကာသတင်း