၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ရရှိဖို့ နီးစပ်နေတဲ့ Apple

နာမည်ကျော် နည်းပညာကုမ္ပဏီ Apple ဟာ ၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရုပ်သံထုတ်လွှင့်ခွင့်ရရှိရန် နီးစပ်နေတယ်လို့ သိရပါတယ်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ပြိုင်ပွဲအထိ အသင်း ၇ သင်းနဲ့သာ ကျင်းပခဲ့ပေမယ့် ၂၀၂၅ ခုနှစ်ပြိုင်ပွဲမှာ အသင်း ၃၂ သင်းနဲ့ ကျင်းပမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲမှာ ဥရောပထိပ်သီးကလပ်အသင်းများဖြစ်တဲ့ ချဲလ်ဆီး၊ ရီးရဲလ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ PSG၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ်စ်၊ အက်သလက်တီကို၊ ဆာလ်ဇ်ဘာ့ဂ်တို ပါဝင်မည်ဖြစ်ပြီး ပရိသတ်များကို ဆွဲဆောင်နိုင်မယ့် ပြိုင်ပွဲတစ်ခုဖြစ်ခြင်းကြောင့် Apple က ရုပ်သံထုတ်လွှင့်ခွင့်ရယူရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်ပါတယ်။

ပြိုင်ပွဲကို အမေရိကန်နိုင်ငံတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်မှ ဇူလိုင်လ ၁၃ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားပြီး Apple ဟာ ယင်းပြိုင်ပွဲအတွက် ရုပ်သံမူပိုင်ခွင့်ကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံနဲ့ သဘောတူညီမှုရရှိရန် နီးစပ်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ သဘောတူညီမှုအတိုင်းသာ အမှန်တကယ်ဖြစ်မြောက်လာခဲ့ပါက Apple ဟာ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (ဖီဖာ)မှ ကျင်းပတဲ့ ပြိုင်ပွဲတစ်ခုကို တစ်ဦးတည်းမူပိုင်ခွင့်နဲ့ ပြသခွင့်ရရှိတဲ့ ပထမဆုံးကုမ္ပဏီအဖြစ် မှတ်တမ်းဝင်သွား မှာဖြစ်တယ်လို့ သိရပါတယ်။

PAN