●နှစ်ဖက်မြင်(၃)●

ဣတ္ထိယအလွန်

  ဗိုလ်ဌေးဝင်းကိစ္စ ရင်အေးရပြီထင်ပြီး သက်မမှချမည်မကြံသေး ပြဿနာက ဗိန်းမောင်းတီးပြီး ဝင်ချလာပြီ။ နိုင်ငံတော်ခင်စိန်ဗန်းမော်ကို ရောက်လာပြီဆိုသောသတင်းက ကန်ရေပြင်ပေါ်ခဲလုံးကျသလို လှိုင်းထသွားသည်။ တပ်ရင်းမှူးရှေ့တန်းမှပြန်ဝင်လာသည့်ရက်ကိုစုံစမ်းပြီးမှ ရောက်လာခြင်းဖြစ်သည်။ ဗိုလ်ဌေးဝင်း ရှေ့တန်းစခန်းတစ်ခုတွင် ကျန်နေခဲ့သည်ကပင် တော်သေးသည်ဟုဆိုရမည်။
ဒီသတင်းကို ကြိုပြောထားလို့ တပ်ရင်းမှူးကလည်း အတွေ့မခံ။ ရုံးမှာအချိန်ပြည့်နေသည်။ မှောင်မှအိမ်ပြန်သည်။ နိုင်ငံတော်ကလည်း တပ်ရင်းမှူးနှင့် တွေ့ရဖို့ အလစ်စောင့်နေသည်။ တစ်ပတ်လောက်အကြာ နိုင်ငံတော်၏ အရိပ်အယောင်မတွေ့ရတော့လို့ စိတ်အေးသွားကြသည်။

       အမှန်တော့နိုင်ငံတော်၏ လှည့်ကွက်ထဲဝင်မိသွားခြင်းဖြစ်သည်။ တစ်နေ့... တပ်ရင်း မှူးရုံးမှအိမ်သို့အပြန် ကျွန်တော်လည်း အနီးမှပါလာသည်။ အိမ်ပေါ်တက်ပြီး ဧည့်ခန်းထဲ ဝင်လိုက်ချိန် တပ်ရင်းမှူး ခြေလှမ်းများတန့်သွားသည်။ နိုင်ငံတော်က ဧည့်ခန်းမှာ ပိုင်စိုးပိုင်နင်းထိုင်လို့။ လက်ဖြောင့်ရဲဘော်တွေကို ဘယ်လိုစည်းရုံးပြီး ဝင်လာမှန်းမသိပေမဲ့ နိုင်ငံတော်ပြန်သွားလျ လက်ဖြောင့်တွေတော့ သက်သာမည်မဟုတ်။

       ဧည့်သည်အဖြစ်ရောက်နေမှတော့ ဧည့်သည်လိုဆက်ဆံရပေမည်။

       " ထိုင်ပါ လုံမလေး... ဘာအကူအညီပေးရမလဲ"

       တပ်ရင်းမှူးဝင်လာလို့ ထရပ်နေသော သူ့ကို ထိုင်ခိုင်းလိုက်သည်။

       " ကျွန်မက ဗိုလ်ဌေးဝင်းဇနီးပါ"

       " ဘယ်က ဗိုလ်ဌေးဝင်းလဲကွဲ့၊ ဒီတပ်က ဗိုလ်ဌေးဝင်းကတော့ လူပျိုပါ"

       သိသိကြီးနှင့်မသိသလိုနေရတာ အတော်ဆိုးသည်။

       " ဒီတပ်ကဗိုလ်ဌေးဝင်းပါ၊ သူလက်ထပ်ခွင့် တင်ထားတယ်ပြောပါတယ်၊ကျွန်မတို့က တရားရုံးမှာ လက်မှတ်ထိုးပြီးသားပါ"

       " ဒါဆို လုံမလေးကို ရှင်းပြရဦးမယ်၊ တပ်စည်းကမ်းတွေ မသိသေးဘူးပဲ။ အရာရှိတစ်ယောက်က မိန်းမယူမယ်ဆိုရင် သတ်မှတ်ထားတဲ့ အချက်အလက်အပြည့်အစုံနဲ့ တပ်ရင်းမှူးဆီ ခွင့်ပြုချက်တောင်းရတယ်၊ ခွင့်ပြုချက်ရမှ အပြင်တရားရုံးတွေမှာ လက်မှတ်ထိုး မင်္ဂလာအခန်းအနား လုပ်ရတာလေ။ လုံမလေးက ပြောင်းပြန်ကြီးဖြစ်နေတယ်၊ နောက်ပြီးတော့ တပ်ရင်းမှူးဆီကိုလည်း ဗိုလ်ဌေးဝင်းက လက်ထပ်ခွင့်တင်မထားဘူးကွဲ့"

       နိုင်ငံတော်မျက်နှာမဲခနဲဖြစ်သွားသည်။ စစ်ဗိုလ်ရည်းစားတွေ ထည်လဲတွဲလာပြီးမှ ဗိုလ်ဌေးဝင်းကိုတော့ အပိုင်သိမ်းတော့မည်ဟူသော ယူဆချက်အလွဲမခံနိုင်။

       " ဒီတော့ကျွန်မဘာလုပ်ရမလဲ"

       " ဗိုလ်ဌေးဝင်းနဲ့တွေ့ပြီး တိုင်ပင်ကြပေါ့ကွယ်"

       " ဟုတ်တယ်... သူနဲ့တွေ့ရမယ်၊သူ့ဆီသွားမယ်၊ အခုသူကဘယ်မှာလဲဟင်"

       " အာလောဘွမ်တပ်စခန်းမှာပါ၊တောင်သုံးလုံးလောက်တော့ ကျော်ရလိမ့်မယ်၊ ဒီအထိအောင် ရောက်အောင်လာပြီးမှ လုံမလေးသွားနိုင်မှာပါ"

       တပ်ရင်းမှူး၏စကားက နိုင်ငံတော်ကိုငိုင်သွားစေသည်။ခနဲ့မှန်းမှ သိပါလေ။ အာလောဘွမ်ဆိုသော စခန်းရှိရာ တောင်တန်းကြီးတွေဖက်များ စိတ်မှန်းနဲ့ ရော်ရမ်းနေပြီလား။

       " ဒါနဲ့... တပ်ရင်းမှူးက အိမ်ထောင်မရှိဘူးဆိုတာ သိတယ်နော်၊ လူပျိုကြီးတစ်ယောက်ရဲ့ အိမ်ထဲမှာ ဒီလိုဝင်ထိုင်မနေသင့်ဘူး"

       နောက်မလာရဲအောင် ပြောနေပုံရသည်။

       " ကျွန်မကလည်းအပျိုပါပဲ ရှင့်"

       နိုင်ငံတော်တို့များ တစ်ခွန်းမကျန် ပြန်ပြောနေလိုက်တာ။ခုပဲ လက်ထပ်ထားတယ်ပြောလိုက် ခုပဲအပျိုလို့ပြောလိုက်။သူ့ပုံစံကြည့်ရတာ ဗိုလ်ကတော်ထက် တပ်ရင်းမှူးကတော် များဖြစ်ချင်နေပြီလား။ တအောင့်ကြာတော့ နိုင်ငံတော့်လက်ထဲမှာ အထုတ်တစ်ထုတ်ကိုတွေ့လိုက်ရသည်။ ခြင်းတောင်းထဲက ဆွဲထုတ်လိုက်ပုံရသည်။ကချင်ပုဆိုးတစ်ကွင်း။

       စားပွဲပေါ်တင်ပြီး တပ်ရင်းမှူးကို လက်ဆောင်ပေးနေသည်။တပ်ရင်းမှူးက အထုတ်ကိုယူကြည့်ပြီး ကျွန်တော့်ကိုလှမ်းခေါ်လိုက်သည်။

       " တပ်ထောက်ဗိုလ်ကြီးရေ... ဒီမှာသော့ယူပြီး နံပါတ်၅သေတ္တာလေးကို ဖွင့်လိုက်ပါကွယ်၊ သေတ္တာထဲမှာ သူပေးလူပေး လာကန်တော့ထားတဲ့ ကချင်ပုဆိုး ငါးကွင်းလောက်ယူ ခဲ့ပါကွယ်"

       သော့ကိုယူပြီး နံပါတ်၅သေတ္တာကိုဖွင့်လိုက်တော့ အထဲမှာ ကချင်ပုဆိုးအသစ်တွေအများကြီး။ တပ်ရင်းမှူးပြောသလို ငါးထည်ကိုယူပြီးစားပွဲပေါ်တင်ပေးလိုက်သည်။

       " ကဲ... လုံမရေ တွေ့တဲ့အတိုင်းပဲ၊ တပ်ရင်းမှူးဆီမှာ ပုဆိုးတွေအများကြီးရှိတယ်ကွဲ့၊ လုံမရဲ့လက်ဆောင်ကို မယူပါရစေနဲ့၊ ပြန်ယူသွားပါကွယ်"

       တပ်ရင်းမှူးနှင့် နိုင်ငံတော်တို့၏ အားပြိုင်ပွဲတွင် နိုင်ငံတော်ခင်စိန် ရှုံးနိမ့်သွားပါပြီ။ အရာရာ စေ့စပ်စနစ်ကျပြီး ကပ်စေးနှဲသည်ဟု နာမည်ကြီးသော ဆရာသမားကို ဒီတစ်ခါတော့ ချီးကျူးမိသည်။ တပည့်များအတွက်ဆို ရှေ့ကရင်ဆိုင်သူပါလားလို့။

    ဗိုလ်ဌေးဝင်း၏ အချစ်ရေးပြဿနာကို ဖြေရှင်းပေးသွားသူကတော့ စစ်မြေပြင်ပင်ဖြစ်တော့သည်။ ဗိုလ်ဌေးဝင်းတပ်စု နယ်မြေရှင်းလင်းစဉ် ရန်သူနှင့်တိုက်ပွဲဖြစ်ပါသည်။ ကေအိုင်အေမှာ အကျင့်ဆိုးတစ်ခုရှိသည်။ ၎င်းမှာ တိုက်ရည်ခိုက်ရည်ကောင်းသော အရာရှိများကို ဘယ်ခွင်ရောက်ရောက် လိုက်ချေမှုန်းတတ်ခြင်းဖြစ်သည်။

       ဗိုလ်ဌေးဝင်းမှာလည်း သူတို့စာရင်းထဲပါသည်။ဗိုလ်ဌေးဝင်း ရောက်သည့်နေရာတိုင်း တိုက်ပွဲဖြစ်လေ့ရှိသည်။ယောယုံရန်ငြိုးက အတော်ကြီးပုံရသည်။တိုက်ပွဲရလာဒ်ကောင်း သူများကို တိုက်ပွဲတွေမှာ သုံးကြသည်။ ပန်းနှင့်ပေါက်ကြတာ မဟုတ်တော့ သေမင်းတမန် ဗုန်းဆန် ကျည်ဆန်များကြားတွင် ကျင်လည်ပါ များလာသူများအဖို့ တစ်ချိန်ချိန် အမှားကြုံ ရလေသည်။ ပေးဆပ်မှုက အသက်ခန္ဓာပင်။
ထိုတိုက်ပွဲတွင် ဗိုလ်ဌေးဝင်း ကျဆုံးသွားသည်။ စစ်မြေပြင်တွင် စစ်သားများပြောလေ့ ရှိသောစကားရှိသည်။ အိမ်ထောင်သည်ယောက်ျား ရှေ့တန်းမှာနဖူးကျည်ဆန်မှန်ရင် နောက်တန်းကဇနီးဖြစ်သူ သစ္စာမရှိလို့ဟု ယူဆကြသည်။ဒါဆို ဗိုလ်ဌေးဝင်း ကျဆုံးမှုမှာလည်း တွေးစရာဖြစ်နေကြသည်။ဒါတောင် ဗိုလ်ဌေးဝင်း၏ ပိုင်ဆိုင်မှု ခံစားခွင့်များကို လာရောက်တောင်းဆိုနေလို့ လုပ်ထုံးလုပ်နည်း စည်းကမ်းများဖြင့် ဖြေရှင်း ပေးလိုက်ကြရသည်။

       အိမ်ထောင်တစ်ခုကို တည်ဆောက်ကြရာတွင် " နိုင်ငံတော်ခင်စိန်" တို့လို ဣတ္ထိယအလွန်များ ရှိတတ်သည်။ နှစ်ဖက်မြင်ဖြင့် မျှတစွာ ကြည့်သော် ပုရိသအလွန်များလည်း ရှိနေနိုင်မှာပဲဖြစ်သည်။ ပုရိသအလွန်နှင့် ပတ်သက်လျင်တော့...။