အောင်ဘာလေထီဆုများ ထပ်တိုးချီးမြှင့်မည်

ယခုလအတွင်း အောင်ဘာလေထီ ရောင်းအားတိုးလာတာကြောင့် အထူးဆုကြီးအဖြစ် ကျပ်သိန်းနှစ်ထောင်ဆု တစ်ဆုကို မနက်ဖြန် (ဇူလိုင် ၁ ရက်) မှာ ကျင်းပမယ့် အောင်ဘာလေထီဖွင့်ပွဲမှာ ထပ်တိုးချီးမြှင့်သွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲက ယနေ့ (ဇွန် ၃၀ ရက်)မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ယခုဇွန်လအတွင်းမှာ အောင်ဘာလေထီနဲ့ အောင်ဘာလေအွန်လိုင်းထီ နှစ်ခုပေါင်း ထီလက်မှတ်ရောင်းရငွေဟာ ကျပ်သန်း ၅၁၀၀ ကျော် ရှိတဲ့အတွက် ပြီးခဲ့တဲ့ မေလက ထီလက်မှတ်ရောင်းရငွေထက် ကျပ်သန်း ၁၀၀ ကျော်ခန့် ရောင်းအားတိုးလာခဲ့တာဖြစ်ပြီး အဲဒီထဲကမှ ကျပ်သန်း ၃၆၀၀ ကျော်ကို ထီဆုငွေအဖြစ် ခွဲဝေချီးမြှင့်သွားမှာ ဖြစ်ပါတယ်။

မနက်ဖြန် (ဇူလိုင် ၁ ရက်)မှာ ကျင်းပမယ့် အောင်ဘာလေထီဖွင့်ပွဲမှာဆိုရင် အထူးဆုကြီးအဖြစ် ကျပ်သိန်း ငါးထောင်တစ်ဆုနဲ့ ကျပ်သိန်းတစ်ထောင် တစ်ဆုအပြင် ကျပ်သိန်းနှစ်ထောင် တစ်ဆုပါ ထပ်တိုးချီးမြှင့်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။