အောက်တိုဘာ ၂၃ ရက်နေ့ မှုခင်းသတင်းများ

-အောက်တိုဘာ ၂၂ ရက် ၁၃၄၅ နာရီတွင် မြင်းမူမြို့၊ ညောင်ဦးဖီးရပ်ကွက်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းရုံးသို့ လက်နက် ငယ်များ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၁၀ ဦးခန့်သည် ယာဉ်နံပါတ်မပါ FAW အမျိုးအစား ၆ ဘီး(အပြာရောင်)ယာဉ်ဖြင့် ညောင်ရင်းကျေးရွာဘက်မှ ရောက်ရှိလာသဖြင့် ရုံးဝင်းအတွင်း၌ တာဝန်ထမ်းဆောင်နေသည့် တိုင်းရေနံသိုလှောင်ကြီးကြပ်ရေးမှူး ဦးဝင်းမင်းသန်း ပါ ဝန်ထမ်း ၁၀ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ အကြမ်းဖက်သူများသည် ရုံးဝင်းအတွင်းရှိ အလျား ၂၀ ပေ၊ အနံ ၃၀ ပေ၊ အုတ်ကာ၊သွပ်မိုး ဂိုဒေါင်သော့အား ဖျက်ဆီး၍ ဂိုဒေါင်အတွင်းရှိ ကားပစ္စည်းနှင့် အထွေထွေပစ္စည်းများ(စိစစ်ဆဲ)အား ယူဆောင်၍ ၁၅၀၀ နာရီတွင် ညောင်ရင်းကျေးရွာဘက်သို့ ထွက်ခွာသွားခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၂၂ ရက် ၁၀၂၀ နာရီတွင် စဉ့်ကူးမြို့နယ်၊ ရွှေဒုံးကျေးရွာနေ ရစဖမှူး ဦးဗေဒါ(၅၇)နှစ်သည် နေအိမ်၌ ရှိနေစဉ် (စိစစ်ဆဲ) ကျား ၅ ဦးမှ ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွား ခဲ့ရာ ဦးဗေဒါတွင် ဦးခေါင်း၊ ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။