အောက်တိုဘာ ၁၈ ရက်နေ့ မှုခင်းသတင်းများ

-အောက်တိုဘာ ၁၈ ရက်နေ့ ၀၇၂၀ နာရီတွင် ရေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်နိုင်လင်း(၄၈)နှစ်သည် ရေးမြို့၊ ရန်ကြီးအောင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဖူး လက်ဘက်ရည်ဆိုင်၌ တစ်ဦးတည်း လက်ဘက်ရည်သောက် နေစဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)ကျား ၁ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ်ခဲ့သဖြင့် ကျည်ဖောက်ဝင် ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး လက်ဘက်ရည်ဆိုင်အတွင်း ဆွမ်းခံကြွရောက်လာသည့် ဆင်တောင်ဘုန်းကြီးကျောင်းမှ ဥူးသုန္ဒရ၊ သက်တော်(၆၆)နှစ်၊ ဝါတော်(၁၂)ဝါတွင် ဝဲလက်မောင်း ကျည်ရှပ်မှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆရာတော် ဥူးသုန္ဒရ တို့အား ၀၇၃၀ နာရီတွင် ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၁၈ ရက်နေ့ ၁၁၃၀ နာရီတွင် ကော့ကရိတ်မြို့၊ အမှတ်(၂)ရပ်ကွက်တွင်နေထိုင်သော ဦးညီညီနိုင် (၄၆)နှစ်သည် နန်းကော်တိုးကျေးရွာ၊ ရွှေနတ်တောင်ဘုန်းကြီးကျောင်းအနီးရှိ အစ်ကို ဖြစ်သူ ဦးစိုးပိုင်၏ ဥယျာဉ်ခြံသို့ ထမင်းပို့ရန် သွားရောက်စဉ် ခြံအတွင်း အရောက်၌ အကြမ်းဖက်အဖွဲ့ (စိစစ်ဆဲ)မှ လက်နက်ငယ်ဖြင့် ပစ်ခတ်ထွက်ပြေးခဲ့ရာ ဦးညီညီနိုင်တွင် နဖူးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံး ခဲ့ကြောင်း သိရှိရ။

-၁၆၄၀ နာရီတွင် ကျိုက်မရောမြို့နယ်၊ ဖက်တေးကုန်းကျေးရွာနေ ဦးမောင်မောင်(၄၃)နှစ်သည် ၎င်း၏ နေအိမ်ဈေးဆိုင်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးမောင်မောင်တွင် ရင်အုံ၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

– အောက်တိုဘာ ၁၈ ရက်နေ့ ၁၇၁၅ နာရီတွင် ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးသန်းထွန်း(၅၇)နှစ်သည် ရပ်ကွက်အတွင်းရှိ ကွမ်းယာဆိုင်မှ ကွမ်းယာဝယ်ယူပြီး ပြန်လာစဉ် နေအိမ်အနီးအရောက်၌ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ) ကျား           ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ဦးသန်းထွန်းတွင် ဝဲမျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)  ရရှိခဲ့သဖြင့် ဘုရားသုံးဆူမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရ။

– အောက်တိုဘာ ၁၈ ရက် ၀၅၃၀ နာရီတွင် ကောလင်းမြို့၊ မင်းတဲကြီးရပ်ကွက်သို့ လက်လုပ်သေနတ်များ ကိုင်ဆောင်ထားသည့် PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် (စိစစ်ဆဲ) အင်အား ၁၀ ဦးခန့် ရောက်ရှိလာပြီး ရပ်ကွက်အတွင်း နေထိုင်သည့် မပိုးဒါလီ(၃၀)နှစ်နှင့် ဦးမိုးနိုင်(၄၅)နှစ်တို့ ၂ ဦးအား နေအိမ်အသီးသီးမှ ဖမ်းဆီးခေါ်ဆောင်သွားကာ မင်းတဲကြီးရပ်ကွက်၊ တဲကြီးကုန်းရပ်ရှိ ကောလင်း – ဥက္ကံကားလမ်းမပေါ် (ဒေသအခေါ်) “ခေါပြင်”ချောင်း တံတားအရောက်၌ မပိုးဒါလီအား သတ်ဖြတ်ခဲ့ပြီး ဦးမိုးနိုင်အား ရွာမကျေးရွာဘက်သို့ ဆက်လက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရှိရ။

-အောက်တိုဘာလ ၁၇ ရက် ၂၁၃၀ နာရီတွင် ရေစကြိုမြို့နယ်၊ သဲတောကျေးရွာအနီးတစ်ဝိုက်၌ လှုပ်ရှားလျက်ရှိသည့် PDF အကြမ်းဖက်အဖွဲ့ ဘိုဟိန်း ခေါင်းဆောင်သော အင်အား ၃၀ ဦးခန့်အဖွဲ့မှ အင်အား ၁၅ ဦးခန့်သည် ငါးလန်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ငါးလန်ကျေးရွာနေသူ ၄ ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးထွန်းမင်းလွင်(၄၀)နှစ်တွင် ဦးခေါင်း၊ ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဇနီးဖြစ်သူ ဒေါ်ကေသီခိုင်(၄၀)နှစ်တွင် ရင်ဘတ်၊ ဝဲ/ယာလက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးဉာဏ်မြင့်(၅၄)နှစ်တွင် ဝဲမျက်လုံး၊ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဦးသန်းနုဝင်း (၅၆)နှစ်တွင် လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၁၈ ရက် ၁၁၀၀ နာရီတွင် မြင်းခြံမြို့နယ်၊ သိမ်ရွာကျေးရွာနေ ဦးအောင်နိုင်ဝင်း(၃၈)နှစ်သည် ကျေးရွာအနီးရှိ ၎င်း၏ ယာခင်းသို့ နွားလှည်းဖြင့် တစ်ဦးတည်း သွားရောက်စဉ် ယာခင်းအနီး အရောက်၌ (စိစစ်ဆဲ)ကျား        ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး လက်နက်ငယ်ဖြင့် ၄ ချက်ခန့်ပစ်ခတ် ထွက်ပြေးသွားခဲ့သဖြင့် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။

-အောက်တိုဘာ ၁၈ ရက် ၁၂၃၀ နာရီတွင် မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက်၊ အကွက်(၄၂၀)နေ ရာအိမ်မှူး ဦးသန်းမင်း(၄၅)နှစ်သည် (၄၁)ကုန်စိမ်းဈေးအနီးရှိ “ရွှေကောင်းမြတ်” လက်ဘက်ရည်ဆိုင်၌ လက်ဘက်ရည် သောက်နေစဉ် (စိစစ်ဆဲ)ကျား ၂ ဦးမှ ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုဖြင့် ၂ ချက် ပစ်ခတ်ထွက်ပြေး သွားခဲ့ရာ ဦးသန်းမင်းတွင် ဝဲမျက်လုံး၊ ဝဲပါး ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။

-အောက်တိုဘာ ၁၈ ရက် ၀၆၀၀ နာရီတွင် မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာအုပ်စု၊ ကံတင်ဘီးလင်းဆည်အနီးရှိ ဒေသအခေါ် တောင်ချောင်းဝတွင် နေထိုင်သော ဦးခင်မောင်မြင့်(၅၉)နှစ်သည် နေအိမ်၌ ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ရာ ဦးခင်မောင်မြင့်တွင် ဝဲနားထင်၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ မျက်နှာပွင့်ထွက်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်းသိရှိရ။