အိန္ဒိယတပ်မတော်က ဗိုလ်ချုပ်ကြီးအဆင့်ကွပ်ကဲသည့် ပူးတွဲစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်များကို မိတ်ဆက်

အိန္ဒိယတပ်မတော်၏ ပူးတွဲစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် ၃ ခုဖြစ်သည့် ကြည်းတပ်ဆိုင်ရာ ကွပ်ကဲမှုဌာနချုပ် ၂ ခုနှင့် ရေကြောင်းဆိုင်ရာ ကွပ်ကဲမှုဌာနချုပ် တစ်ခုတို့ကို ဗိုလ်ချုပ်ကြီးအဆင့်ရှိ အရာရှိများမှ ကွပ်ကဲလိမ့်မည်ဟု ဟိန္ဒူစတန်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့မိတ်ဆက်မှုက စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်၏ ဌာနချုပ်မှူးများကို ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်တို့နှင့် တူညီစေကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်သည်လည်း စစ်ဦးစီးချုပ်ကော်မတီ၏ အမြဲတမ်းဥက္ကဋ္ဌဖြစ်ကြောင်း၊ စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှူးများသည် ကာကွယ်ရေး ဦးစီးချုပ်သို့ အစီရင်ခံတင်ပြလိမ့်မည်ဖြစ်ကြောင်း၊ သတင်းအမျိုးမျိုးအရ စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ် ၂ ခုသည် တရုတ်နှင့် ပါကစ္စတန်တို့အား အသီးသီးဗဟိုပြု ထားမည်ဖြစ်ပြီး တတိယစစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်သည် ရေကြောင်းဆိုင်ရာ အတွက်ဖြစ်ကာ အိန္ဒိယသမုဒ္ဒရာဒေသအပေါ် အဓိကအလေးပေးလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့အပြင် အစိုးရသည် ဆိုက်ဘာ၊ အာကာသ၊ ထောက်လှမ်းရေး၊ ဒုံးကျည်များ၊ ဒရုန်းများနှင့် အုပ်ချုပ်ထောက်ပံ့မှုကွပ်ကဲမှုဌာနချုပ်ကဲ့သို့သော ကွပ်ကဲမှုဌာနချုပ်များ ထပ်မံဖန်တီးရန် ဆုံးဖြတ်ထားကြောင်း၊ စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်များအား ဖွဲ့စည်းပြီးပါက ၎င်းက ဒုတိယဗိုလ်ချုပ်ကြီးအဆင့်၊ ဗိုလ်ချုပ်အဆင့်နှင့် ဗိုလ်မှူးချုပ် အဆင့် အရာရှိကြီးများအတွက် အလုပ်အကိုင် ဆုံးရှုံးမှုမရှိခြင်းကို သေချာစေမည် ဖြစ်ကြောင်း သိရှိရပါသည်။

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDU) ဖွဲ့စည်းရေးအတွက် အဆိုပြုချက် ကိုလည်း သုံးသပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ကို စစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်အသစ်များအတွက် မူဝါဒများအယူအဆနှင့် သီအိုရီများပြင်ဆင်ရန် တာဝန်ပေးအပ်မည်ဖြစ်ကြောင်း၊ စောစောပိုင်းက စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှူးသည် ကြယ် ၃ ပွင့် အရာရှိကြီးဖြစ်သည့် ကြည်းတပ် ဒုတိယဗိုလ်ချုပ်ကြီး၊ ရေတပ် ဒုတိယဗိုလ်ချုပ်ကြီးနှင့် လေတပ် ဒုတိယဗိုလ်ချုပ်ကြီးတို့ ဖြစ်လိမ့်မည်ဟု မှန်းဆ ခဲ့ကြကြောင်း၊ ယခုအခါ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များနှင့် စစ်နယ်ဝန်းကွပ်ကဲမှု ဌာနချုပ်မှူးများအကြား လုပ်သက်ရင့်မှုကိစ္စရပ် ပေါ်ပေါက်စေကြောင်း သိရှိရပါသည်။

စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှူးများသည် အဆင့်နိမ့်လျင် စစ်ပွဲဖြစ်ပွားချိန်၌ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များက ယင်းတို့ထက် အဆင့်နိမ့်သည့် စစ်နယ်ဝန်းကွပ်ကဲမှု ဌာနချုပ်များကို မည်သို့နားထောင်မည်နည်းဟူသည့် မေးခွန်းတစ်ရပ် ထွက်ပေါ် ခဲ့ကြောင်း၊ စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ်မှူးများအား စစ်ဆင်ရေးဆိုင်ရာ တာဝန် ရှိကတည်းက ၎င်းတို့သည် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ ဦးစီးချုပ်များကဲ့သို့ အဆင့်တူ ဖြစ်ရလိမ့်မည်ဖြစ်ကြောင်း၊ ကြည်း၊ ရေ၊ လေ ဦးစီးချုပ်များသည် ကာကွယ်ရေးဦးစီးချုပ်၏ စစ်နယ်ဝန်းကွပ်ကဲမှုဌာနချုပ် အစီအမံသစ်နှင့်အတူ လုပ်ဆောင်ရမည်ဟု ယုံကြည် ကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့ပါသည်။