အာဟာရချို့တဲ့ခြင်းအကြောင်း သိကောင်းစရာ

အာဟာရချို့တဲ့ခြင်းကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တစ်နှစ်လျှင် ၅နှစ်အောက် ကလေးငယ် ၃ သိန်းခန့် နှစ်စဉ်သေဆုံးလျက်ရှိပါတယ်။
ထိုသေဆုံးမှုဟာ ကမ္ဘာပေါ်ရှိ ကလေးငယ်သေဆုံးမှု အားလုံး၏ ထက်ဝက်ကျော် ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှဒေသ တစ်ခုလုံး၏ ၄၇%သော ကလေးငယ်တွေဟာ
အာဟာရချို့တဲ့မှုဒဏ်ကို ခံစားနေရတာပါ။
ကလေးငယ်တွေ နေ့စဥ်စားသုံးတဲ့ အစားအသောက်
များဟာ ကျန်းမာဖွံ့ဖြိုးဖို့ လုံလောက်တဲ့ပမာဏ မရရှိခဲ့ရင် အာဟာရချို့တဲ့တာ ဖြစ်ပါတယ်။
အာဟာရလုံလောက်စွာ မစားသုံးနိုင်ခြင်း (သို့မဟုတ်) စားသောက်မှုပုံစံ မမှန်ခြင်းနှင့် ရောဂါများ (ဥပမာ-သန်ကောင်ရောဂါ၊ အဆုတ်တီဘီရောဂါ) တို့ဟာ အာဟာရချို့တဲ့တဲ့ အဓိက အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။
မျှတတဲ့ အာဟာရကို မရခဲ့ရင် ကလေးငယ်တွေက
ရှိသင့်တဲ့ အရပ်မရှိဘဲ ပုနေတတ်ပါတယ်။
အာဟာရချို့တဲ့နေတဲ့ ကလေးငယ်ဟာ ချူချာပြီး ခုခံအားမကောင်းတဲ့အတွက် မကြာခဏ နေမကောင်း ဖြစ်တတ်ပါတယ်။
ဉာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျတာ၊ ဗီတာမင်ချို့တဲ့သော ရောဂါများ ခံစားရတတ်ပါတယ်။
ပိုဆိုးလာရင် အသက်ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။
မွေးစမှ ၆ လ အထိ ကလေးငယ်များကို မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးရပါမယ်။
မွေးခင်းစ ကလေးတွေကို ရေတိုက်စရာ မလိုပါဘူး။ မိခင်နို့ထဲမှာ ရေဓါတ် ပါဝင်ပြီးသား
ဖြစ်ပါတယ်။
အသက် ၆ လကျော်ရင် မိခင်နို့အပြင် သန့်ရှင်းလတ်ဆတ်တဲ့ ဖြည့်စွက်စာများ ကျွေးလို့ရပါပြီ။
ကလေးငယ်ရဲ့ အစားအိမ်ဟာ ဖွံဖြိုးဆဲကာလဖြစ်လို့ အစာအမာများ၊ အတုံးကြီးများအား ရှောင်ကြဉ်ရမှာဖြစ်ပြီး ပျော့ပျောင်းကာ အာဟာရဖြစ်စေမဲ့ အစာများကို နည်းနည်းစီ ကြိမ်ဖန်များစွာ ကျွေးရမှာပါ။
အသက် ၂ နှစ်ကျော်မှ ၅ နှစ်အထိ ကလေးငယ်များအား ပုံမှန်အစားအသောက်များအပြင် အာဟာရဖြစ်စေမယ့် နွားနို့၊ ကြက်ဥ၊ ဌက်ပျောသီးတို့အား
ဖြည့်စွက်ကျွေးရပါမယ်။
ဆန်မှုန့်၊ ပဲဝါလေး၊ မုန်လာဥနီနှင့် အာလူးအနည်းငယ်တို့ကို ကြေညက်စွာနယ်ပြီး ဖြည့်စွက်ကျွေးနိုင်ပါတယ်။
တစ်ရက်ကို နွားနို့ ၁ ခွက်နဲ့ ဌက်ပျောသီး ၁ လုံးစားပါက ကယ်လိုရီ ၂၀၀ ရနိုင်ပါတယ်။
ကလေးငယ်တွေ ကျန်းမာဖွံဖြိုးဖို့ အဓိက အစားအသောက် ၆ မျိုးကတော့
၁။ ကစီဓါတ် (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး)
၂။ အသားဓါတ်(အသားအမျိုးမျိုးနှင့် ပဲအမျိုးမျိုး)
၃။ အဆီဓာတ်
၄။ ဗီတာမင်များ (အသားနှင့်အသီးအရွက်များ)
၅။ သတ္တုဓါတ်များ ( အသားနှင့်အသီးအရွက်များ)
၆။ ရေဓါတ်(၁ရက်လျှင် ၂လီတာ-ရေသန့်ဘူး ၂ဗူး)
ကလေးငယ်တွေဟာ သန့်ရှင်းပြီးအာဟာရ ပြည့်ဝတဲ့ အစားအစာများကို စားခြင်း၊ သန့်ရှင်းသော ရေကိုသာ သောက်သုံးခြင်း၊ သန့်ရှင်းသော ရေလောင်းအိမ်သာ သို့မဟုတ် ယင်လုံအိမ်သာ သုံးစွဲခြင်းနှင့် လက်ဆေးခြင်းတွေကိုလည်း ဆောင်ရွက်ပေးရပါမယ်။
အကြံပြုချက်
**********
မိမိရဲ့ကလေးငယ်ဟာ ပုံမှန်ထက် ဖွံ့ဖြိုးမှုနောက်ကျနေတာ၊ မကြာခဏ ဖျားနာတတ်တာ၊ အစားအသောက်တွေကို ကောင်းကောင်းမစားတာ စတာတွေဖြစ်နေရင် ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။
ကလေးငယ်ကို ကာကွယ်ဆေးများ ပုံမှန်ထိုးနှံပေးဖို့၊ (၆)လ တစ်ကြိမ် ပုံမှန်သန်ချဆေးတိုက်ကျွေးဖို့လဲ လိုအပ်ပါတယ်။
ခန္ဓာကိုယ်ကြီးထွား ဖွံဖြိုးစေသော အစားအစာများ၊ အင်အားဖြစ်စေသော အစားအစာများနှင့် ရောဂါကာကွယ်စေသော အစားအစာများကိုလည်း ပုံနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်။
# ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး