အလွယ်တကူပြုလုပ်နိုင်တဲ့ သဘာဝ ပိုးနှင်ဆေး၊ ပိုးသတ်ဆေး ၄ မျိုး

သီးနှံပင်တွေပဲ စိုက်စိုက်၊ အလှပန်းပင်တွေပဲ စိုက်စိုက် အပင်စိုက်ပျိုးခြင်းနဲ့ ပိုး၊ ရောဂါကျရောက်ခြင်းဟာ အတူယှဥ်တွဲပြီး
မလွဲမသွေ ကြုံတွေ့လာရမယ့် အကြောင်းအရာဖြစ်ပါတယ်။ အခုလိုအချိန်ဟာ စိုက်ပျိုးရေးလုပ်ကိုင်ရာမှာ သဘာဝနည်းလမ်းတွေကို ပြုလုပ်အသုံးပြုဖို့ အသင့်တော်ဆုံး အချိန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် စိုက်ခင်းတွေမှာကျရောက်တဲ့ အဖျက်ပိုးမွှားတွေကို ကာကွယ်နှိမ်နင်းပေးနိုင်ပြီး အိမ်မှာအလွယ်တကူပြုလုပ်နိုင်မယ့် သဘာဝပိုးနှင်ဆေး၊ ပိုးသတ်ဆေး ပြုလုပ်တဲ့နည်းလမ်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် တနိုင်တပိုင်စိုက်ခင်းတွေမှာ အသုံးပြုဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
(၁) အိမ်လုပ် သဘာဝပိုးသတ်ဆေး
ဒီပိုးသတ်ဆေးဟာ ပျပိုး၊ လှေးပိုး၊ မွှားပင့်ကူ၊ ယင်ဖြူ၊ အင်းဆက်သားလောင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်တွေကိုပါ ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ ပြုလုပ်နည်းနဲ့ ပါဝင်ပစ္စည်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)ရေနွေး (ခပ်နွေးနွေး) – ၁ လီတာ
(၂)ဟင်းသီးဟင်းရွက် အဆီ – ထမင်းစားဇွန်း ၁ ဇွန်း
(၃)သဘာဝ ဆပ်ပြာအရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပါဝင်ပစ္စည်းတွေကို ရောနှောပြီး ကောင်းစွာလှုပ်ခါပေးပါ။ ပြီးလျှင် ပိုးကျရောက်နေတဲ့ အရွက်တွေရဲ့ အထက်၊ အောက်မျက်နှာပြင်ကို နှံ့စပ်အောင်ဖျန်းပေးပြီး ကာကွယ်နှိမ်နင်းနိုင်ပါတယ်။
(၂) ဆားဖျော်ရည်
ဆားဖျော်ရည်ဟာလည်း ရိုးရှင်ပြီး အလွယ်တကူပြုလုပ်နိုင်တဲ့ သဘာဝနည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဆားဖျော်ရည်ကို အသုံးပြုခြင်းဖြင့် ပျပိုး၊ ခရု၊ ပက်ကျိ စတဲ့ အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဆားပမာဏ များများအသုံးပြုခဲ့မယ်ဆိုရင် အပင်ရဲ့ အရွက်တွေကို လောင်စေနိုင်တဲ့အတွက် အလွန်အကျွံအသုံးမပြုမိဖို့ သတိပြုသင့်ပါတယ်။
ဆား လက်ဖက်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ ပမာဏကို ရေ ၂ လီတာနဲ့ ရောစပ်ပြီး ကောင်းစွာရောမွှေပြီးတော့ မိမိစိုက်ခင်းနဲ့ အပင်တွေမှာ စနစ်တကျ ပက်ဖျန်းနိုင်ပါတယ်။
(၃) ဆေးရွက်ကြီး ပိုးသတ်ဆေး
အထူးသဖြင့် ပျပိုး၊ ခရု၊ ပက်ကျိနဲ့ အခြားသော ခန္ဓာကိုယ်ပျော့ပျောင်းတဲ့ အင်းဆက်အဖျက်ပိုးတွေကို ကာကွယ်နှိမ်နင်းပေးနိုင်တာ ဖြစ်ပါတယ်။ ပြုလုပ်တဲ့နည်းက‌တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ ဆေးရွက်ကြီးခြောက် ခွက် ၁ ခွက်စာကို ရေနွေး ၁ ဂါလံနဲ့ ရောစပ်ပါ။
ပြီးလျှင် ၎င်းအရောအနှောကို ၂ ရက်ခန့် စိမ်ထားပါ။ စိမ်ပြီးပါက သဘာဝဆပ်ပြာအရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပေးပါ။
ပြီးလျှင် အဖျက်ပိုး ကျရောက်နေတဲ့ အပင်အစိတ်အပိုင်းတွေမှာ ဖျန်းပေးနိုင်ပါတယ်။
(၄) ပန်းဖြင့်ပြုလုပ်သော ပိုးသတ်ဆေး
ဒီပိုးသတ်ဆေးကိုတော့ သခွား၊ သခွားမွှေးနဲ့ အာလူး သီးနှံတွေမှာ ကျရောက်တတ်တဲ့ ယင်ဖြူ၊ ပျပိုး၊ ကျိုင်းကောင်၊ ရွက်ဖြတ်ပိုး စတာတွေကို ကာကွယ်နှိမ်နင်းဖို့ အသုံးပြုနိုင်ပါတယ်။ ပြုလုပ်တဲ့နည်းက‌တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
လတ်လတ်ဆတ်ဆတ် ခူးလာတဲ့ ဂန္ဓမာပန်းပွင့်တွေကို အေးမြခြောက်သွေ့ပြီး အလင်းရောင် တိုက်ရိုက်မရတဲ့ နေရာမှာ အခြောက်ခံထားပါ။
ခြောက်သွေ့သွားပါက ပန်းပွင့်များကို အမှုန့်ဖြစ်သည်အထိ ကြိတ်ချေပေးပါ။ ၎င်းအမှုန့်တွေဟာ အသက်ရှုလမ်းကြောင်းကို မအီမသာဖြစ်စေတတ်တာကြောင့် ကိုင်တွယ်ဆောင်ရွက်နေစဥ်မှာ မျက်နှာဖုံးအကာအကွယ် (Mask) တပ်ဆင်ပြီး ပြုလုပ်ပါ။ အမှုန့် ရရှိပါက ပန်းပွင့်အမှုန့် လက်ဖက်ရည်ပန်းကန်လုံးရဲ့ ၄ ပုံ ၁ ပုံ ပမာဏကို ရေ ၁ လီတာနဲ့ ရောစပ်ပြီး နှံ့စပ်သွားအောင် သေချာလှုပ်ခါပေးပါ။ ပြီးပါက အဖျက်ပိုး ကျရောက်နေတဲ့ အပင်တွေမှာ ပက်ဖျန်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။