အဖန်ငါးရာ ငါးကမ္ဘာ(ပြည့်စုံ-တောင်ငူ)

တစ်ခါတုန်းက အမျိုးသမီးတစ်ယောက်အိမ်ကို
ဧည့်သည်တွေရောက်လာတယ်။
ဖြစ်ချင်တော့ အဲဒီနေ့က သားမသတ်ရဥပဒေထုတ်ထားတဲ့နေ့ဖြစ်နေတော့
ဘယ်လိုမှ အသားရှာဝယ်လို့မရဘူး။
အဲဒါနဲ့ အိမ်မှာမွေးထားတဲ့ ဆိတ်ကလေးတစ်ကောင်ကို လည်လှီးပြီးသတ်ခဲ့တယ်။
ဧည့်သည်ကို ကျွေးမွေးချင်တဲ့စိတ်က ကုသိုလ်စိတ်၊
ဆိတ်ကိုသတ်တာက အကုသိုလ်စိတ်၊
ထိုစိတ်နှစ်ခုယှဉ်တွဲနေတယ်။
သို့သော် အကျိုးပေးခွင့်ရသွားတာက
အကုသိုလ်ကံက အကျိုးပေးခွင့်ရသွားတယ်။
ထိုအမျိုးသမီးဟာ ဆိတ်သတ်တဲ့ကံကြောင့်ပဲ
ငရဲကျသွားတယ်။ ငရဲ၌နှစ်ပေါင်းများစွာခံရတယ်။
ငရဲမှလွတ်တော့လည်း ဘဝပေါင်းများစွာ
လည်ပြတ်ပြီး သေရရှာတယ်။
သတ်ခဲ့တာ တစ်ခါတည်း ဟုဆိုသော်လည်း
ထိုဆိတ်ကို သတ်နေစဉ် ဖြစ်ပေါ်လာသော အကုသိုလ်စေတနာသည် မနည်းပေ။
စိတ်သည် စက္ကန့်ပိုင်းအတွင်းကုဋေတစ်သိန်းမျှ ဖြစ်ပျက်နေကြသည်။
တချို့က ထိုဆိတ်ကိုသတ်ခဲ့တဲ့ အကုသိုလ်ကံ
အကျိုးပေးသည် ဆိတ်မွှေးအမျှ ခံရသည်ဟုဆိုကြသည်။
ဧကနိပါတ် ၊ မတကဘတ္တဇာတ်၌ ထိုဆိတ်ကိုသတ်ခဲ့သော အမျိုးသမီးသည် ဘဝ(၅၀၀) လည်ဖြတ်၍ အသတ်ခံရသည်ဆို၏။
ထိုဇာတ်တော်၌ ဖော်ပြထားသည်မှာ
ဒိသာပါမောက္ခ ဆရာကြီးတစ်ဦးဟာ သေသူကို ရည်စူးပြီး ဆိတ်တစ်ကောင်ကို သတ်ဖို့ပြင်ဆင်နေချိန်
အဲဒီဆိတ်ဟာ တစ်ပြိုင်တည်းမှာ
ရယ်ခြင်းနှင့်ငိုခြင်းကို ပြုလေ၏။
ဆရာကြီးက ဘာကြောင့်ရယ်လည်းရယ်၊
ငိုလည်းငိုတာလဲလို့ မေးတော့ ဆိတ်က
“ကျွန်ုပ်လည်း အတိတ်ဘဝတစ်ခုမှာ အခုဆရာကြီးလိုပဲ ဆိတ်တစ်ကောင်ကို လည်ဖြတ်သတ်ခဲ့မိလို့ အဲဒီအကုသိုလ်ဝဋ်ကျွေးဟာ
ဒီဘဝအထိ ဘဝပေါင်း (၄၉၉) ဘဝတိုင်တိုင် လည်ဖြတ်အသတ်ခံခဲ့ရကြောင်းပြော၏။
ထို့နောက် ဆိတ်ကဆက်လက်၍
ဒီလိုဝဋ်ကျွေးကို ဒီတစ်ဘဝ ခံပြီးရင်
ကုန်ဆုံးတော့မှာ ဖြစ်တာကိုတွေးပြီး ဝမ်းသာလို့ ရယ်ခြင်းဖြစ်ကြောင်းနဲ့။
ငိုတာကတော့ အခုအကျွန်ုပ်ကို သတ်မယ့်ဆရာကြီးလည်း ကျွန်ုပ်လိုပဲ ဘဝပေါင်းငါးရာ အသတ်ခံရတော့မှာပါလားလို့ တွေးပြီး
စိတ်မကောင်းဖြစ်မိတဲ့အတွက် ငိုခြင်းဖြစ်ကြောင်း” ပြောကြားလိုက်၏။
ထိုစကားကြားတော့ ဆရာကြီးဟာ သတိသံဝေဂရပြီး ဆိတ်ကိုလွှတ်ပေးလိုက်လေတော့၏။
သို့သော် အကုသိုလ်ကံ ဝဋ်ကြွေးသည် ရှောင်ပြေး၍လွတ်ရိုးထုံးစံမရှိချေ။
သုံးလောကထွဋ်ထား မြတ်စွာဘုရားသခင်သည်ပင် ဝဋ်ကြွေးကျေအောင်ဆပ်ပြီးမှ ပရိနိဗ္ဗာန်ပြုရ၏။
သံသရာဝဋ်ကြွေးသည် ကြောက်မက်ဖွယ်ကောင်းလှ၏။
ထိုဆိတ်သည် အသတ်မခံရသော်လည်း
ဇက်ပြတ်‌သေမည့် ဝဋ်ကြွေးမှပြေးမလွတ်ခဲ့ပေ။
ကောင်းကင်မှမိုးကြိုးသည် ကျောက်ဆောင်တစ်ခုကိုပစ်လွှတ်လိုက်ရာ ထိုဆိတ်သည် ကျောက်စတစ်ခုထိမှန်၍ ထိုနေရာ၌ပင် ဇက်ပြတ်၍သေလေသည်။
အထက်ပါဇာတ်ကို ကိုးကား၍ တချို့က မိမိကိုယ်ကိုယ်သတ်သေလျှင်
အဖန်ငါးရာငါးကမ္ဘာ ခံကြရသည်ဟု ပြောဆိုနေကြသည်။
မိမိကိုယ်ကိုယ်သတ်သေ၍အဖန်ငါးရာငါးကမ္ဘာခံရသည်ဟုလည်းမြတ်စွာဘုရားမဟောကြားထားပေ။သို့သော်
မိမိကိုယ်ကိုယ်သတ်သည်ဖြစ်စေ၊ သူတစ်ပါးကိုသတ်သည်ဖြစ်စေ အကုသိုလ်ပင်ဖြစ်သည်။
သေလျှင် ငရဲသို့ ကျရောက်စေနိုင်သည်။ မိမိကိုယ်ကိုယ်သတ်သေသူများသည် မျက်မှောက်ဘဝ၏ ဒုက္ခကို မခံစားနိုင်၍ ပြုလုပ်ကြခြင်းဖြစ်သည်။
သို့သော် ဤနည်းလမ်းဖြင့် ဒုက္ခမှ အမှန်တစ်ကယ်လွတ်မြောက်မည်မဟုတ်၊ မှန်ကန်သော နည်းလမ်းမဟုတ်ပေ။
မိမိကိုယ်ကိုယ်သတ်သေသောသူသည် သေသည်၏အခြားမဲ့၌ ဒုဂတိဘုံသာရောက်ဖို့ရှိသည်။
မျက်မှောက်ဘဝခံစားရသောဒုက္ခထက် ပို၍ခံစားကြရဖို့သာ ရှိသည်။
ဘယ်သူမပြုမိမိမှုဆိုသလို ယခုဘဝချမ်းသာမှု၊ ဆင်းရဲမှုစသည်တို့သည်
မိမိနှင့်သာသက်ဆိုင်သည်။ ဘယ်ဘုရားသခင်ကမှ ဖန်ဆင်းထားသည်မဟုတ်ပေ။
ရှင်မောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးပင်လျှင်
မိဘနှစ်ပါးကိုမသေမချင်း ရိုက်သတ်ခဲ့သော အကုသိုလ်ကံဝဋ်ကြွေးကြောင့် နောက်ဆုံးရဟန္တာဖြစ်သည့်ဘဝမှာပင်
ခိုးသားငါးရာ၏ ရိုက်သတ်မှုကို ခံသွားရရှာလေသည်။
သံသရာ၌ခရီးသွားနေကြသော သတ္တဝါများသည် အကုသိုလ်အနည်းနှင့်အများ လုပ်မိကြမည်သာဖြစ်သည်။
လုပ်မိတဲ့အကုသိုလ်တွေရှိလျှင်လည်း နောင်တတဖန်ပူပန်နေပါက
အကုသိုလ်တွေ ထပ်များလာဖို့သာရှိသည်။ ဒါ့ကြောင့်”ငါ ဒီလိုအမှားမျိုးတွေနောက်မလုပ်မိအောင် ကြိုးစားမယ်၊
မလုပ်ရသေးတဲ့ ကုသိုလ်တရားတွေကိုလည်း ကြိုးစားပြီးလုပ်ကိုင်သွားမယ်”လို့ဆုံးဖြတ်ကာ
ဆင်းရဲခြင်းကင်းသည့် လွတ်မြောက်ရာအမှန် နိဗ္ဗာန်လမ်းသို့ တက်လှမ်းနိုင်ကြပါစေ။