အစိမ်းရောင် မပြယ်လွင့်ကုန်သော

*******

“တပ်ရင်းမှူးခင်ဗျ… စစ်သည်တွေနဲ့အတူ ကျွန်တော်ပါ ဒုလ္လဘဝတ်ချင်လို့ပါ”

“ဟေ… မင်းကလဲ စောစောတုန်းကမပြောဘူး၊ အဲဒါဆို မင်းတာဝန်တွေကို ငြိမ်းမင်းကိုဆီ သေချာလွှဲခဲ့၊ ဒါနဲ့… မင်း ငါနဲ့ခဏလွတ်မနည်းဘူးဆိုပြီး ဘုန်းကြီးဝတ်တာတော့ မဟုတ်လောက်ပါဘူးနော်”

“မဟုတ်ပါဘူး တပ်ရင်းမှူး၊ အစကမဝတ်တော့ဘူးလို့ပါပဲ၊ ဒါပေမဲ့ တစ်ခါမှလဲ ဒုလ္လဘမဝတ်ဖူးတာနဲ့ ဝတ်လိုက်ရင်ကောင်းမယ်လို့ တွေးမိလို့ပါ”

“အေးပါ… အေးပါ၊ မင်းပါတော့လဲ စစ်သည်တွေအတွက် စိတ်ချရတာပေါ့ကွာ၊ အဲဒါဆို မနက်ဖြန်အစီအစဉ်အတွက် ဆရာတော်ကို လျှောက်စရာရှိတာတွေ ဖုန်းနဲ့ကြိုလျှောက်ထားလိုက်တော့”

“ဟုတ်ကဲ့ပါ တပ်ရင်းမှူး”

ဗိုလ်ကြီးဆွေလင်းအောင်တို့တပ်ရင်းအနေဖြင့် ရှေ့တန်းစစ်ဆင်ရေးမှပြန်ဝင်ချိန်နှင့် သင်္ကြန်ကာလတို့တိုက်ဆိုင်နေသလို တပ်ရင်းမှူးကလည်း ဒုလ္လဘရဟန်းခံပေးလိုစိတ် ပြင်းပြနေသည်။ ထိုကြောင့် တပ်ရင်းရှိ အရာရှိ၊ စစ်သည်များထဲက ဒုလ္လဘဝတ်လိုသူများကိုစုစည်းစေကာ ရဟန်းခံအလှူပြုလုပ်ရန် စီစဉ်တော့သည်။ ဒုလ္လဘဝတ်ရမည့်ရက်ကို သတ်မှတ်ထားသည်မှာက သင်္ကြန်ကာလငါးရက်ဖြစ်သည်။ သိုသော်လည်း အကြတ်နှစ်ရက်ထပ်သောကြောင့် သင်္ကြန်အတက်နေ့တစ်ရက်တော့ ကဲရန်မီသေးသည်ပေါ့။

ဗိုလ်ကြီးဆွေလင်းအောင်က စရဖအရာရှိဖြစ်သောကြောင့် အလုပ်ကအရှုပ်သားပင်။ ဒုလ္လဘ ရဟန်းဝတ်မည်ပြင်လိုက်၊ အလုပ်ကိစ္စကြောင့် မဝတ်ဖြစ်လိုက်နှင့် နှစ်တွေသာကြာသွားသည် အစီအစဉ်ကအထမမြောက်။ ခုတစ်ခါတော့ မရရအောင်ဝတ်မည်ဟု ဆုံးဖြတ်ကာ တပ်ရင်းမှူးဆီခွင့်တောင်းတော့ အသာတကြည်ခွင့်ပြုလိုက်သဖြင့် ဝမ်းသာသွားရမိသည်။

ရဟန်းခံအလှူမှာလည်း နောက်ရက်တွင်ပင်ဖြစ်ပြီး ရွာကျောင်းဆရာတော်နှင့် တပ်ရင်းမှူးက အားလုံးစီစဉ်ပြီးသားဖြစ်ရာ ပြုလုပ်မည့်အချိန်နှင့် ကျန်အတိုအထွာလေးများကိုသာ ဆရာတော်ထံ လျှောက်ရန်လိုတော့သည်။ ခက်သည်က ဗိုလ်ကြီးဆွေလင်းအောင်မှာ သံဃာတော်များနှင့် စကားမပြောတတ်ခြင်းဖြစ်သည်။ လူအချင်းချင်းပြောသလိုလည်း ပြောမရ၊ သူပြောတတ်သည့်စကားကလည်း ‘တပည့်တော်’၊ ‘တင်ပါ့’ နှင့် ‘ဘုရား’ ဟူသည့်သုံးလုံးသာရှိသည်။ မတတ်နိုင်၊ လျှောက်စရာရှိသည်ကို လျှောက်ရပေတော့မည်။

“ဟယ်လို… ဦးဇင်းဦးပဏ္ဍိတလားခင်ဗျ… အဲ… ဘုရား”

“ဟုတ်ပါတယ် ဒကာကြီး ပြောပါ”

“တပည့်တော် ခမရ(၃၈၁)က ဗိုလ်ကြီးဆွေလင်းအောင်ပါ၊ မနက်ဖြန်ရဟန်းခံကိစ္စလေး ပြောစရာရှိလို့ပါဘုရား”

“အေးအေး၊ ဒကာကြီးတို့တပ်ရင်းမှူးလဲ ဆက်ထားပြီးပြီ”

“ရထား…အဲ… တင်ပါ့ဘုရား”

“————————”

ဆရာတော်က သူပြောလိုသည်များ ဆက်ပြောနေ၍သာ တော်တော့သည်။ နို့မို့ဆိုလျှင် ဗိုလ်ကြီးဆွေလင်းအောင် ဘာတွေပြောရမှန်းပင်မသိ။ လိုအပ်သည်များကို ဆရာတော်ကမှာကြားပြီး နောက်ရက်အစီအစဉ်စမည့်အချိန်ကိုမေးသောကြောင့် ဗိုလ်ကြီးဆွေလင်းအောင်မှာ စကားကို အတတ်နိုင်ဆုံးအတိုချုပ်ကာ ပြန်ဖြေလိုက်သည်က-

“တင်ပါ့ဘုရား… တပည့်တော်တို မနက်ဖြန်မနက် ရှစ်နာရီအရောက် ကြွခဲ့ပါမယ်ဘုရား” ဟူ၏။

နေဇင်(ပေါက်ခေါင်း)

အပိုင်း ၂ ဆက်ရန်ရှိသေး……….