အကြမ်းဖက်တွေဆီပို့မယ့် တောစီးဖိနပ် အရံ ၁၀၀ ကျော်ကို ခရီးသည်တင်ယာဥ်ပေါ်ကနေ ဖမ်းမိ

စစ်ကိုင်းတိုင်းထဲက အကြမ်းဖက်တွေဆီပို့မယ့် တောစီးဖိနပ် အရံ ၁၀၀ ကျော်ကို ခရီးသည်တင်ယာဥ်တစ်စီးပေါ်ကနေ နိုဝင်ဘာ ၂၀ ရက်နေ့၊ နေ့လည်ပိုင်းက ဖမ်းမိခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းအရ သိရပါတယ်။

သတင်းအရ မန္တလေးမြို့ဘက်ကနေ ထွန်းသိန်း (၅၈)နှစ် (အရာတော်မြို့)နေသူ မောင်းနှင်ပြီး တင့်လွင် (၅၀)နှစ် (အရာတော်မြို့)နေသူ လိုက်ပါလာတဲ့ ယာဉ်အမှတ် MDY-13-6N-6089 အောင်ရတနာခရီးသည်တင်ယာဉ်ကို လုံခြုံရေးပူးပေါင်းအဖွဲ့က စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်မှာရှိတဲ့ ရတနာပုံတံတားဂိတ်မှာ ရှာဖွေစစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့ရာကနေ ဖမ်းမိခဲ့တာပါ။

အဆိုပါယာဉ်ပေါ်ကနေ PDFအကြမ်းဖက်သမားတွေ အသုံးပြုဖို့အတွက် သယ်ဆောင်လာတဲ့ ထင်းရှုးသေတ္တာ(၉)လုံးအတွင်းမှ DEFENDER တံဆိပ်ပါ စစ်စိမ်းရောင်လည်တိုဖိနပ် (၁၃၅)ရံကို သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေဖြစ်တဲ့ ထွန်းသိန်းနဲ့ တင့်လွင်တို့အပေါ် စစ်ကိုင်းမြို့မရဲစခန်းက (ပ) အမှတ် ၂၅၄/၂၀၂၃၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။