အကျိုးပေးသန်တဲ့ အာစိဏ္ဏကံ


အာစိဏ္ဏကံ ဆိုတာ..
နေ့ရှည် ရက်ရှည် စွဲမြဲ၍ ပြုလုပ်သော
ကုသိုလ်-အကုသိုလ် စေတနာအလုပ်ကို
ခေါ်ပါတယ်။

အာစိဏ္ဏကံ ဆိုတာ
တစ်ကြိမ်ပြုလုပ်ထားလည်း
အစဉ်မပြတ် အောင်မေ့အပ်သော
စေတနာကံကို ခေါ်ပါတယ်။

အာစိဏ္ဏကံ ဆိုတာ
မိမိအတွက် ဘဝသံသရာမှာ
အကြောင်း အထောက်အပံ့ကောင်းများ
ဖြစ်စေရန် စိတ်ရည်သန်လျက်
မပြတ်ပြုလုပ်လျက်ရှိသော ကုသိုလ်များကို
အာစိဏ္ဏကံကုသိုလ်လို့ ခေါ်ပါတယ်။

“အာစိဏ္ဏကံ၂မျိုး”

၁။ ကုသိုလ် အာစိဏ္ဏကံ = ဒါန သီလ ဘာဝနာ
တို့ကို နေ့စဉ် မပြတ် ပြုလုပ်ခြင်း၊
၂။ အကုသိုလ် အာစိဏ္ဏကံ = နေ့စဉ်နဲ့အမျှ
သားငါးများ သတ်ဖြတ်ခုတ်ထစ်ရောင်းချခြင်း..
မူးယစ်ဆဲဆိုခြင်း.. အတင်းပြောခြင်း..(စသည်)
အကုသိုလ်အလုပ် နေ့စဉ်မပြတ် ပြုလုပ်ခြင်း။

ဘယ် အာစိဏ္ဏကံလုပ်လုပ်
အကျိုးပေးသန်မှာ ဖြစ်ပါတယ်။
ကောင်းကျိုး ရချင်ရင်
ကုသိုလ်ကို အာစိဏ္ဏကံ ဖြစ်အောင်လုပ်ပါ။
မကောင်းကျိုးပေးမှာ ကြောက်ရင်
အကုသိုလ် အာစိဏ္ဏကံ မလုပ်မိစေနဲ့။

အာစိဏ္ဏကံကုသိုလ် ပြုတယ်ဆိုတာ
နေ့စဉ် အပတ်စဉ် လစဉ် မပြတ်လုပ်ရတဲ့..
ကုသိုလ်တွေ ဖြစ်ပါတယ်။

နေ့စဉ်မပြတ်
ဘုရား သောက်တော်ရေကပ်ခြင်း၊
အပတ်စဉ်မပြတ် ဘုရားပန်းလှူခြင်း၊
နေ့စဉ် ဆွမ်းတော်ကပ်ခြင်း၊
ပရိတ်ပဌာန်းပူဇော်ခြင်း၊ မေတ္တာပို့ခြင်း၊
ဂုဏ်တော်ပွားခြင်း၊ အမျှဝေခြင်း၊
သံဃာတော်များ လစဉ်ဆွမ်းလှူခြင်း၊
သင်္ကန်းလှူခြင်း၊
တရားနာခြင်း တရားထိုင်ခြင်း၊
အပါတ်စဉ်ဥပုသ်စောင့်ခြင်း စသော..
ကုသိုလ်အလုပ်ကို စွဲစွဲမြဲမြဲ
မလုပ်ရ_မနေနိုင်လောက်အောင်
ပြုလုပ်ထားတဲ့သူတွေဟာ
ကုသိုလ်ဘက်မှာ စွဲသွားတဲ့အတွက်
မကြာခင် ချမ်းသာလာပါလိမ့်မယ်။

အကုသိုလ်တွေ..
နေ့စဉ်မပြတ် သူ့အသက် သတ်ခြင်း၊
အရက်သေစာ သောက်စားမူးယစ်ခြင်း၊
လောင်းကစားပြုလုပ်ခြင်း၊ ပြဿနာရှာခြင်း၊
လိမ်ခြင်း စတဲ့…
အကုသိုလ်အလုပ်တွေကို မှန်မှန်ပြုလုပ်ပါက
အကုသိုလ်ဘက်မှာ စွဲသွားတဲ့အတွက်
မကြာခင်မှာ မွဲသွားပါလိမ့်မယ်။

ချမ်းသာချင်ရင် ကုသိုလ်အာစိဏ္ဏကံ
စွဲအောင် ပြုလုပ်ပါ။

မွဲချင်ရင် အကုသိုလ်အာစိဏ္ဏကံ
စွဲအောင် ပြုလုပ်ပါ။

အာစိဏ္ဏကံကုသိုလ် လျော့မတွက်နဲ့၊
သေလွန်ပြီးနောက်
ဘဝကောင်း/ဘဝဆိုး ရောက်အောင်
အကျိုးပေးသန်တယ်ဆိုတာ သဘောပေါက်ပါ။

နေ့စဉ် ကုသိုလ်အာစိဏ္ဏကံ စွဲစွဲမြဲမြဲပြုလုပ်ကြဖို့
တိုက်တွန်းအပ်ပါသည်။

အရှင်သာဂရ (ရေစကြို)