သေဆုံးသူ ၁၃၇ ဦးရှိလာပြီဖြစ်တဲ့ မော်စကိုမြို့ တေးဂီတဖျော်ဖြေပွဲတိုက်ခိုက်မှု

မော်စကိုမြို့ တေးဂီတဖျော်ဖြေပွဲဇာတ်ရုံမှာ သောကြာနေ့ (မတ်လ ၂၂ ရက်နေ့) က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ဦးရေဟာ ကလေးသူငယ်တွေအပါအဝင် ၁၃၇ ဦး ရှိသွားပြီး အပျက်အစီးပုံတွေအောက်မှာ ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပါတယ်။

အခုအချိန်အထိ အကြမ်းဖက်သမားလို့ သံသယရှိသူ ၁၁ ဦးကို ဖမ်းဆီးရရှိထားကြောင်းနှင့် သောကြာနေ့က အကြမ်းဖက်တိုက်ခိုက်မှုဟာ ၎င်းတို့လုပ်ရပ်ဖြစ်ကြောင်း အိုင်အက်စ်အဖွဲ့က အဲဒီနေ့ ညပိုင်းမှာ ကြေညာခဲ့သလို အကြမ်းဖက်သမားတွေကလည်း အဲဒီဇာတ်ရုံကို မီးတင်ရှို့ခဲ့ပါတယ်။

ဒဏ်ရာရတဲ့အထဲက ၁၂၁ ဦးကတော့ ဆေးရုံမှာပဲရှိနေသေးကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေရာမှာ ကလက်ရှ်နီကော့ဗ်ချေမှုန်းရေးရိုင်ဖယ် ၂ လက်၊ ကျည် ၅၀၀ ကျော်၊ ကျည်ဘောက် ၂၈ ခု သိမ်းဆည်းမိခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိတွေက ပြောပါတယ်။

သေဆုံးသူတွေထဲမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးသူတွေရှိသလို မီးခိုးဆိပ်သင့်ပြီး သေဆုံးသူတွေလည်း ရှိ ကြောင်း ကနဦးစစ်ဆေးချက်တွေအရ သိရပါတယ်။

“အကြမ်းဖက်သမားတွေဟာ လက်နက်ငယ်တွေအသုံးပြုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ပြီးတော့ လောင်စာဆီ တွေအသုံးပြုပြီး ကဇာတ်ရုံကို မီးတင်ရှို့ခဲ့ကြတာကို အနီးတစ်ဝိုက်ကလူတွေနဲ့ ဒဏ်ရာရထားတဲ့သူတွေက တွေ့ မြင်ခဲ့ကြပါတယ်။” လို့ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။

အကြမ်းဖက်သမားတွေဟာ ယူကရိန်းနယ်စပ်ကိုဖြတ်ကျော်ဖို့ ကြိုးစားနေတုန်း ဖမ်းဆီးရရှိခဲ့တာဖြစ်တဲ့အတွက် ၎င်းတို့ဟာ ယူကရိန်းနိုင်ငံကအကူအညီတချို့ရရှိခဲ့ဖွယ်ရှိကြောင်း၊ ယူကကရိန်းဟာ ဒီဖြစ်စဉ်မှာ တစ်နည်းနည်း နဲ့ ပါဝင်ပတ်သက်နိုင်ဖွယ်ရှိကြောင်း ဖော်ပြနိုင်ဖို့ ပူတင်က ကြိုးပမ်းနေပါတယ်။

“ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ သိရတာကတော့ အဲဒီအကြမ်းဖက်သမားတွေဟာ ယူကရိန်းဘက်က ပြင်ဆင်ပေးထားတဲ့ နယ်စပ်ကို ဖြတ်ကျော်လာတာဖြစ်ပါတယ်။” လို့ ပူတင်က ပြောကြားထားကြောင်း သိရှိရပါတယ်။