ဘင်္ဂလားဒေ့ရှ် ဒေါ်လာအကျပ်အတည်း လေကြောင်းလိုင်းများအပေါ် ပြင်းထန်စွာ ရိုက်ခတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာငွေအကျပ်အတည်းကြောင့် နိုင်ငံခြားလေကြောင်းလိုင်းများအနေနဲ့ လေယာဉ်ခရီးစဉ်များကိုလျှော့ချဖို့နဲ့ လက်မှတ်ဈေးနှုန်းများကိုတိုးမြှင့်ဖို့ မဖြစ်မနေလုပ်ဆောင်ရတော့မယ်လို့ နိုင်ငံခြားလေကြောင်းလိုင်းတစ်ခုက ပြောဆိုကြောင်း Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

နိုင်ငံရပ်ခြားလေကြောင်းလိုင်းများအနေနဲ့ သူတို့ရဲ့ရရှိငွေများကို နေရပ်သို့ အလွယ်တကူပြန်ပို့နိုင်ပြီး ဂျက်လေ ယာဉ်ဆီတို့လို လေကြောင်းဆိုင်ရာပေးချေမှုများကို ကာမိစေဖို့အတွက် ပြည်တွင်း-ပြည်ပခွဲခြားပြီး လက်မှတ် ရောင်းချတဲ့မူဝါဒကိုလည်း ပြောင်းလဲခဲ့ကြပါတယ်။

လက်မှတ်ရောင်းချရေးမူဝါဒအပေါ် ဝေဖန်မှုနဲ့ပတ်သက်ပြီး ပြည်တွင်းလေကြောင်းကဏ္ဍမှာ မငြိမ်မသက်ဖြစ်စေနိုင် တဲ့အတွက် အဲဒီလုပ်ငန်းမှာ ပါဝင်နေသူတွေရဲ့အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်နိုင်ကြောင်း ပြည်တွင်း လေကြောင်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်နေသူများက ပြောပါတယ်။

နိုင်ငံခြားလေကြောင်းအော်ပရေတာတွေဟာ ငွေရှာဖို့အတွက် ပျံသန်းမှုတွေ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ သူတို့ က ငွေရှာတာကို ရပ်လိုက်မယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကို သွားလာပျံသန်းမှုတွေ ရပ်ဆိုင်းပြီး နိုင်ငံရဲ့ပုံရိပ်ကို ထိခိုက် စေလိမ့်မယ်လို့ လေကြောင်းလုပ်ငန်းဆိုင်ရာကျွမ်းကျင်သူတစ်ဦးက ရှင်းပြခဲ့ပါတယ်။

လေကြောင်းလုပ်ငန်း ရှင်သန်ရပ်တည်နိုင်ရေးအတွက် နိုင်ငံအတွင်း ငွေကြေးများ ဝင်ရောက်လာစေမယ့် နည်းလမ်း များကိုရှာဖွေဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

လေဆိပ်သတင်းရင်းမြစ်များအရ လက်ရှိမှာ နိုင်ငံခြားလေကြောင်းလိုင်း ၂၈ လိုင်းတို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တစ်ရက်လျှင် ပျမ်းမျှလေကြောင်းခရီးစဉ် ၁၄ဝ ကြိမ် ပျံသန်းလျက်ရှိပါတယ်။ မလေးရှားလေကြောင်းလိုင်း “ မာလင်ဒို” နဲ့ ဟောင်ကောင်ဂုဏ်ဆောင် “ကာသေး ပစိဖိတ်” တို့ဟာ ယခင်က ရက်သတ္တတစ်ပတ်လျှင် ၅ ကြိမ် ပျံသန်းရာမှ ယခုအခါ တစ်ကြိမ်သာ ရှိပါတော့တယ်။

လက်ရှိ တစ်ပတ်လျှင် ပျံသန်းမှု ၂၁ ကြိမ် ရှိနေတဲ့ ယူအေအီးလေကြောင်းလိုင်းဟာ ယခုအချိန်အထိ သူ့ရဲ့ပျံသန်းမှု အကြိမ်ရေကိုလျှော့ချဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ မလေးရှားဖက်စပ် စရိတ်သက်သာ လေကြောင်းလိုင်း ဖြစ်တဲ့ “အဲအေးရှား” ကတော့ သူတို့ရဲ့ပျံသန်းမှုကို ၁၈ ကြိမ်မှ ၂၈ ကို တိုးမြှင့်ထားကြောင်း၊ အခြားလေကြောင်းလိုင်း များအနေနဲ့လည်း သူတို့ရဲ့ပျံသန်းမှုအကြိမ်ရေကို မပြောင်းလဲဘဲ ထားရှိကြောင်း သိရှိရပါတယ်။

ပြည်ပလေကြောင်းလိုင်းများအနေနဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကျပ်အတည်းကြောင့် ပြီးခဲ့တဲ့ ကိုးလအတွင်း ခက်ခက်ခဲခဲရုန်းကန်နေကြရကြောင်း ကာတာ၊ စင်္ကာ၊ ယူအေအီး၊ ဆော်ဒီ၊ တူရကီနဲ့ မလေးရှားလေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောပြခဲ့ကြပါတယ်။

ဖြေရှင်းချက်ရှာဖွေဖို့အတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးအသင်း (IATA) ထံ အကူအညီ တောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်း လေကြောင်းလိုင်းများ ရင်ဆိုင်နေရတဲ့ပြဿနာများကို ဖြေရှင်းပေးဖို့အတွက် IATA က ဘင်္ဂလားဒေ့ရှ်အစိုးရထံ စာရေးသားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်နဲ့ နိုင်ငံခြား လေကြောင်းလိုင်းများအကြား တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

တွေ့ဆုံစဉ်အတွင်း လေကြောင်းလိုင်းများရဲ့ပြဿနာများကို လျော့ပါးစေဖို့ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က အာမခံခဲ့ပြီး၊ ဗဟိုဘဏ်အနေနဲ့ တားဆီးချက် (သို့မဟုတ်) ကန့်သတ်ချက်များ မရှိကြောင်း အလေးထားပြောဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံခြားငွေပြတ်လပ်မှုဆက်တိုက်ဖြစ်ပေါ်နေခြင်းကြောင့် နိုင်ငံခြားလေကြောင်းလိုင်းများအတွက် ထိရောက်တဲ့ ဖြေရှင်းနည်းများကို မတွေ့ရှိရသေးကြောင်း ဗဟိုဘဏ်တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရှိရပါတယ်။

အခြေအနေအရပ်ရပ်ကို ခြုံငုံပြီး အပြည်ပြည်ဆိုင်ရာအစိုးရတို့အနေနဲ့ နိုင်ငံတကာသဘောတူညီချက်များနဲ့ စာချုပ်ပါတာဝန်များနဲ့အညီ နေရပ်ငွေပြန်ပို့လိုတဲ့ လေကြောင်းလိုင်းများအပေါ် အတားအဆီးအားလုံးကို ဖယ်ရှား ပေးရန် IATA က တိုက်တွန်းထားပါတယ်။

IATA ရဲ့အဆိုအရ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့နေရပ်ငွေပြန်ပို့ခြင်းမှ ပိတ်ဆို့ခံထားရတဲ့လေကြောင်းလိုင်းများရဲ့ ရန်ပုံငွေ ပမာဏဟာ ပြီးခဲ့တဲ့ ခြောက်လအတွင်း ၂၅ ရာခိုင်နှုန်း (ဒေါ်လာ ၃၉၄ သန်း) ကျော် မြင့်တက်လာခဲ့ပြီး လောလော ဆယ် ဒေါ်လာ ၂ ဘီလျံနီးပါးအထိ မြင့်တက်လာခဲ့ပါတယ်။

နိုင်ငံခြားလေကြောင်းလိုင်းများ၏အဆိုအရ လေကြောင်းလိုင်းတစ်ခုစီအတွက် ပျမ်းမျှဒေါ်လာ ၁၅ သန်းမှ ၃ဝ သန်း ကြား ဘင်္ဂလားဒေ့ရှ်မှာ ပိတ်မိနေခဲ့ပါတယ်။ တူရကီလေကြောင်းလိုင်းမှ ဒေါ်လာ ၂၇ သန်းခန့်နှင့် အိုမန်နိုင်ငံ စရိတ်သက်သာ “ဆယ်လ်မန်အဲဝေး” က ဒေါ်လာသန်း ၂ဝ ခန့်ကို နေရပ်သို့ ပြန်ပို့ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

ကာတာလေကြောင်းလိုင်းက ဒေါ်လာ ၂ သန်းခန့် ကင်းလွတ်ခွင့် ရရှိခဲ့ပြီး၊ လွန်ခဲ့တဲ့လမှာ တူရကီက ဒေါ်လာ ၅ သန်းကို ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။

နိုင်ငံခြားလေကြောင်းလိုင်းတွေရဲ့ ပျံသန်းမှုအကြိမ်ရေ လျှော့ချခြင်းအပေါ် စိုးရိမ်ကြောင်း ဘင်္ဂလားဒေ့ရှ် ခရီးသွား အေးဂျင့်များအသင်း (ATAB) က ထုတ်ဖော်ပြောကြားပြီး ဖြစ်ပွားရတဲ့ပြဿနာများကို လျော့ပါးစေဖို့ လေကြောင်းနဲ့ ခရီးသွားလာရေးဝန်ကြီးဌာနထံ စာရေးသား တောင်းဆိုထားပါတယ်။

အချို့သော နိုင်ငံခြားလေကြောင်းလိုင်းတွေဟာ ဒေါ်လာငွေ ရှားပါးပြတ်လပ်မှုကို ရှောင်ရှားဖို့အတွက် ပြည်တွင်း လက်မှတ်အေဂျင်စီများအစား နိုင်ငံခြားလက်မှတ်အေဂျင်စီများမှတစ်ဆင့် လက်မှတ်များကို စတင်ရောင်းချလျက်ရှိ ကြောင်း၊ မဖြစ်မနေ ခရီးသွားရမယ့်သူအချို့ဟာ နိုင်ငံခြားအိုင်ဒီကတ်များကို အသုံးပြုပြီး အိန္ဒိယလက်မှတ် အေဂျင်စီများမှတစ်ဆင့် လေယာဉ်လက်မှတ်များကို ဝယ်ယူနေကြောင်း၊ ဟွန်ဒီမှတစ်ဆင့် အရောင်းအဝယ် တိုးလာ ခြင်းဟာ အစိုးရအတွက် ထပ်ဆောင်းအခွန်နဲ့ အခြားအခွန်ငွေများကို ဆုံးရှုံးစေကြောင်း၊ အထူးသဖြင့် ပြည်တွင်း လေယာဉ်လက်မှတ်စျေးကွက် ပျောက်ဆုံးမှာကို စိုးရိမ်ရကြောင်း ATAB ရဲ့ ဝန်ကြီးဋ္ဌာနထံ ပေးစာမှာ ဖော်ပြထား ကြောင်း သိရှိရပါတယ်။

(Htay Oung (NP News) မှ ကူးယူဖော်ပြသည်။)