သရက်ပင် အပင်ဟုန် အပင်နုံ၍ အသီးမတင်ခြင်း

တချို့ သရက်ပင် များသည် ပန်းပွင့် အသီးတင် နိုင်သော အပင် သက်တမ်း သို့ ရောက်ရှိ နေပြီ ဖြစ်သော်လည်း
အပင်ဟုန်ပြီး အသီး မတင်ရခြင်း နှင့် အပင်နုံပြီး အသီးမတင်ရခြင်း ပြဿနာတို့ကို ကြုံတွေ့ရတတ်ပါသည်။
ဟုန်နေသော အပင်တို့သည် စိုက်ပြီးသည်မှစ၍ နှစ်အတော်ကြာတိုင်အောင် အပင်သန်စွမ်း ဖြစ်ထွန်းပြီး အရွက်များကိုသာ
ထုတ်ပေး တတ်သည်။ နုံနေသော အပင်များသည်လည်း ပင်ပိုင်းဆိုင်ရာ ကြီးထွားမှု နည်းနေပြီး ပန်းမပွင့် အသီးမတင်
ဖြစ်တတ်သည်။ အပင်နုံ နေရခြင်း၏ အဓိက အကြောင်းအရင်း များမှာ အပင်တွင်း နိုက်ထရိုဂျင် ပမာဏ လျော့နည်း
နေသောကြောင့် ဖြစ်လေ့ဖြစ်ထရှိပါသည်။
(၁) နိုက်ထရိုဂျင်ထည့်တာရပ်ခြင်း
ယေဘုယျအားဖြင့် အပင်ဟုန် အသီးမတင်ခြင်း လက္ခဏာများကို မြေဆီဩဇာ ထက်သန်သော မြေများရှိ အပင်များ၊
အရိပ်ကျ လောင်းရိပ်မိသော အပင်များ၊ ရေပေးသွင်းမှုများသော အပင်များ နှင့် နိုက်ထရိုဂျင်ဓာတ်ပါသော မြေဩဇာများ
အလွန်အကျွံရသည့် အပင်များတွင် တွေ့ရတတ်သည်။ ထိုသို့ အပင်ဟုန်နေသော သရက်ပင်များအား အပင်၏ ကိုင်းအခက်
အလက်အရွက် များအား နေရောင်ခြည် အပြည့်အဝ ထိတွေ့စေခြင်း၊ ပူပြင်းသော ရာသီများတွင် အပင်ရေပေးသွင်းမှုအား
ထိန်းထားပေးခြင်း နှင့် နိုက်ထရိုဂျင်ဓာတ် ပါသော မြေဩဇာ၊ မြေဆွေးတို့ ထည့်သွင်းမှုအား ရပ်ဆိုင်းပေးခြင်းတို့ကို
ဆောင်ရွက်ခြင်းဖြင့် အသီးတင်လာအောင် ဆောင်ရွက်နိုင်သည်။
(၂) ဆားပုံပေးခြင်း
အပင်အား အိမ်သုံးဆား ကျွေးပေးခြင်း/ပုံပေးခြင်း သည်လည်း ဟုန်နေသော သရက်ပင်များအား
အသီးတင်လာအောင် ကူညီပေးနိုင်သည်။ အပင်အားဆားကျွေးခြင်းကို မိုးရာသီတွင် ဆောင်ရွက်သင့်သည်။
အပင်သက် ၁၀ နှစ် အောက်ရှိ သရက်ပင်များအား တစ်ပင်လျှင် ၂ ကီလိုဂရမ်နှုန်း၊ အပင်သက် ၁၀ နှစ် နှင့်
၂၀ နှစ်ကြားရှိ သရက်ပင်များအား တစ်ပင်လျှင် ၅ ကီလိုဂရမ်နှုန်း နှင့် အပင်သက် ၂၀ နှစ် အထက်ရှိ သရက်ပင်များအား
တစ်ပင်လျှင် ၁၁ ကီလိုဂရမ် နှုန်း ဖြင့် ကျွေးရပါမည်။ ဟုန်နေသော အပင်များအား ဆားကျွေးရခြင်း၏ အခြေခံ ယူဆချက်မှာ
ဆားသည် အပင်အား နောက်ထပ် ပင်ပိုင်းဆိုင်ရာ အရွက်များ ထွက်ခြင်းကို တားဆီးပေးခြင်းဖြစ်ပြီး ယခင် ထွက်ခဲ့သော ပင်ပိုင်းဆိုင်ရာ
အရွက်များသည် အနားယူကာ ပန်းပွင့် အဖူးများ ဖြစ်ပေါ်ရန်အတွက် ကာဘိုဟိုက်ဒြိုက် ပို၍ စုလာစေရန် ဖြစ်သည်။
(၃) အခေါက်ရစ်၊ အခေါက်ခွာခြင်း
ဟုန်နေသော သရက်ပင်များအား ပန်းပွင့်အသီးတင်လာအောင် ဆောင်ရွက်နိုင်သော နောက်နည်းစနစ်တစ်ခုမှာ ၁၅-၂၃ စင်တီမီတာ
အတုတ်ရှိ ကိုင်းများအား အခေါက်ရစ်၊ အခေါက်ခွာပေးခြင်း ဖြစ်သည်။ အခေါက်ရစ်၊ အခေါက်ခွာပေးခြင်းကို ၂ စင်တီမီတာ အကျယ်ရစ်၍
ကိုင်းပတ်ပတ်လည် ခွာပေးခြင်းဖြစ်သည်။ အပင်အား ဤကဲ့သို့ အခေါက်ခွာပေးခြင်းဖြင့် ၎င်းအခေါက်ခွာ၊ အခေါက်ရစ်ထားသောနေရာ၏
အထက်ပိုင်း ကိုင်းခက်များတွင် ကာဗိုဟိုက်ဒြိုက်ဓာတ်ပမာဏ များများစုစည်းလာစေပြီး ကာဗိုဟိုက်ဒြိုက်ဓာတ်နှင့် နိုက်ထရိုဂျင်ဓာတ်တို့
အချိုးညီမျှစေကာ ပန်းပွင့်များ လှုံ့ဆော် ဖြစ်ပေါ်ရန် ပို၍အခြေအနေ ပေးလာပါသည်။ အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်းကို
အပင်၏တစ်သျှူးများထဲတွင် ပန်းပွင့်အဖူးများအဖြစ် မပြောင်းလဲခင် အချိန်အတွင်း ပြုလုပ်ပေးသင့်သည်။
သို့သော် အခေါက်ခွာ၊ အခေါက်ရစ်ခြင်းကို ၂ စင်တီမီတာထက် ပို၍ ကျယ်ကျယ် မခွာသင့်ပေ။
သာမန်အားဖြင့် ၎င်းအခေါက်ခွာ ထားသော နေရာသည် ပန်းပွင့်များ အားလုံး ပွင့်ပြီးနောက် အနာဖေး ပြန်တက် သွားလေ့ရှိပါသည်။
အပင်အား ဆားကျွေးပေးခြင်းနှင့် အခေါက်ခွာ၊ အခေါက်ရစ်ပေးခြင်းတို့ကို မိုးအလွန်များသော ဒေသရှိ အပင်ဟုန် များတွင်သာ
ပြုလုပ်ကျင့်သုံးသင့်ပါသည်။ မိုးရေချိန် နည်းသော အပူပိုင်းဒေသများတွင်မူ အပင်ဟုန်ခြင်းဖြစ်မှု တွေ့ရခဲသောကြောင့်
အပင်အား ဆားကျွေးပေးခြင်း နှင့် အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်းတို့ ဆောင်ရွက်ရန် မလိုအပ်ပေ။
အပင်ပိုင်း ဆိုင်ရာ အားနည်း၍ ပန်းမပွင့် အသီးမတင် နိုင်သော အပင်နုံများ တွင်မူ ဆားကျွေး ပေးခြင်း နှင့်
အခေါက်ခွာ၊ အခေါက်ရစ် ပေးခြင်း တို့ကို လုံးဝမဆောင်ရွက်သင့်ပေ။
အရွက်များဝါ၍ ကြီးထွားမှု နည်းနေသော အပင်နုံများအား မိုးဦးကာလတွင် အပင်ကြီးထွားမှုကောင်းစေရန် နိုက်ထရိုဂျင်ဓာတ်ပါသော
မြေဩဇာ များကို ကျွေးပေးသင့်ပါသည်။ သို့မှသာ အပင်တွင်း နိုက်ထရိုဂျင်ဓာတ်ပမာဏ မြင့်တက်လာပြီး နောက်ပိုင်းတွင်
ပန်းပွင့်နိုင်သော အညွန့်အခက်များ ဝေဆာလာနိုင်မည်ဖြစ်ပါသည်။ ။

(ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)မှ ကူးယူဖော်ပြသည်)