သစ္စာကြေးမုံပြင်တစ်ချပ်၏ ရှေ့မှောက်၌

“အဲဒီကောင်က သစ္စာဖောက်၊ ဒီကောင်နဲ့ဆို နောက်တစ်ခါကျရင် မဆော့တော့ဘူး”

အဲဒီစကားလုံးတွေကို ခပ်ငယ်ငယ်ကလေးဘဝက အရပ်ထဲမှာဆော့ရင်းလည်း ကြားခဲ့ဖူးသည်။ ကျောင်းမှာဆော့ကြရင်းလည်း ကြားဖူးခဲ့ရသည်။ ကလေးဘဝက ကစားဖော်အချင်းချင်း အုပ်စုဖွဲ့ကစားကြသည့်အခါ သာသည့်အဖွဲ့ဘက်၊ ဒါမှမဟုတ် အဆင်ပြေသည့်သူရှိသည့်ဘက်ကိုပြောင်းပြီး ကစားကြသူတွေကို ဘာရယ်မဟုတ် ‘သစ္စာဖောက်’ဟု ကင်ပွန်းတပ်လိုက်ကြသည်။ နောက်ပွဲတွေကစားကြသည့်အခါ သူ့ကိုထည့်ပြီး မကစားကြတော့။

ကလေးဘဝအရွယ်က သစ္စာဟူသောစကားလုံး၏ အဓိပ္ပာယ်ကို ရေရေရာရာသိသည်မဟုတ်။ သို့သော် စိတ်ခံစားမှုတစ်စုံတစ်ရာကြောင့် နှုတ်ကထွက်ကျလာခြင်းဖြစ်သည်ကတော့အသေအချာပဲဖြစ်သည်။

+++++

“ငါနဲ့ဘာမှမဆိုင်ဘူးလို့တော့ မပြောချင်ပါဘူးကွာ၊ ဒါပေမဲ့ တကယ်တမ်းကျရင်တော့ ငါက အလွတ်ကြီးကွ၊ လူတစ်ယောက်ကြောင့် ငါ ထောင်ကျခံခဲ့ရတာ၊ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးတွေ ဘာတွေလဲ ပြောမနေချင်တော့ပါ ဘူးကွာ”

တစိမ့်စိမ့်ရွာနေသောစနေမိုးကြောင့် သူနှင့်ကျွန်တော်ပြန်ဆုံခဲ့ရခြင်းဖြစ်သည်။ သူနှင့်က လွန်ခဲ့သည့် ရှစ်နှစ်ခန့်က ဌာနတစ်ခုတွင် ကာလတစ်ခုကြာ အတူလက်တွဲဖြစ်ခဲ့ဖူးသည်။ ထို့နောက်တွင်တော့ အဆက်အသွယ်ပြတ်သွားသည်မှာ ယခုစနေမိုးကြောင့် ဝင်ခိုခဲ့လိုက်သည့် လက်ဖက်ရည်ဆိုင်တွင်မှ မမျှော်လင့်ဘဲ ပြန်လည်မျက်နှာချင်းဆိုင်မိလိုက်ခြင်းပင်။

“ငါ့ကိုကွာ အဖွဲ့တစ်ခုက ဆက်သွယ်လာတယ်၊ ဝင်လုပ်မယ်ဆိုရင် လစာကောင်းကောင်းပေးမယ်၊ ရာထူးလဲ မနိမ့်တဲ့အဆင့်တစ်ခုရမယ်ပေါ့ကွာ”

အကြောင်းမလှ၍ ထောင်ကျခံခဲ့ရသည့် သူ့ဘဝ။ မိသားစုကိုခွဲခွာပြီး ထောင်ထဲဝင်ခဲ့ရသည်။ မြိုးမြိုးမြက်မြက်လည်း ရခဲ့သည်မဟုတ်။ တစ်ဦးတစ်ယောက်က တာဝန်ခံခဲ့လျှင် ဘဝပျက်စရာမရှိ။ တာဝန်ကို ကျေပွန်အောင်ထမ်းခဲ့သူတစ်ယောက်အဖို့ ဒါမျိုးဖြစ်စဉ်က နာကြည်းခံပြင်းစရာကိစ္စဖြစ်သည်။ သူ့မိသားစု ခက်ခက်ခဲခဲရုန်းကန်ဖြတ်သန်းခဲ့ရသည်။ သူ့မှာ အချိန်စေ့လို့ လောကကြီးနှင့် အဆက်အသွယ်ပြန်ရတော့ နေစရာကိုယ်ပိုင်အိမ်မရှိ။ အလုပ်အကိုင်ဆိုတာက ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကို ဖြဲရှာနေရသလို။ နယ်စပ်ဒေသဖြစ်သည့်အတွက် ဒါကို ဆန့်ကျင်ဘက်အဖွဲ့တစ်ခုကသိတော့ ဆက်သွယ်လာပြီး သူတို့ဆီမှာ ဝင်ပြီး အလုပ်လုပ်ဖို့တောင်းဆိုသည်။

“ငါ လုံးဝမလုပ်ဘူးကွ၊ ဒီကောင်တွေ ဘယ်လောက်ပဲရာထူးတွေ၊ ငွေတွေပေးပေး ငါမလုပ်ဘူး၊ အပြတ်ပြောလိုက်တယ်”

“ငါ့အပေါ်ကျေးဇူးရှိတဲ့အဖွဲ့အစည်းအပေါ် ဘယ်တော့မှ ကျေးဇူးမကန်းဘူး၊ သစ္စာမဖောက်ဘူး၊ သစ္စာဖောက်ရင် သစ္စာစူးတတ်တယ်”

အပြင်ဘက်ဆီ ငေးရီရင်း ခပ်ပြတ်ပြတ်ပြောချလိုက်သည့် သူ့စကားတွေကြားရတော့ အပြင်မှာရွာနေတဲ့မိုးသံကိုလည်း ကျွန်တော်မကြားတော့။ လက်ဖက်ရည်ဆိုင်ထဲမှာ ဆူညံနေကြသည့်အသံတွေကိုလည်း မကြားတော့။ ‘သစ္စာဖောက်ရင် သစ္စာစူးတတ်တယ်’ ဆိုသည့် သူ့အသံကိုသာ နားထဲမှာ ပဲ့တင်ထပ်အောင်ကြားနေရသည်။

ကျွန်တော်တွေ့ဖူးသည်။ တပ်မတော်အပေါ် သစ္စာမဲ့စွာခြေစုံကန်ပြီး တစ်ဖက်ကိုကပ်သည်။ ကြာရှည်နေလို့မရ။ တပ်မတော်က သင်ကြားပေးလိုက်သည့်ပညာကို အသုံးချလုပ်ကိုင်စားသောက်သည်။ အခြေတကျခံ့ထည်စွာရပ်တည်နိုင်မှုမရှိ။ တပ်မတော်အပေါ် မဟုတ်တမ်းတရား ပြောဆိုနေဆဲဖြစ်သည်။ သူ့ဘဝသည်လည်း မရေရာမှုအပြည့်ဖြင့်သာ လျှောက်လှမ်းနေရဆဲဖြစ်သည်။ ဒါသည်ပင် သစ္စာစူးခြင်းမည်သည်ဟု ကျွန်တော် တထစ်ချယုံကြည်သည်။

+++++

သစ္စာဆိုသည့်ဝေါဟာရကို ‘အမှန်တရား၊ မှန်ကန်သောစကား၊ နိုင်ငံ၊ လူမျိုး စသည်တို့အပေါ်တွင် ထားရှိသော စောင့်သိရိုသေမှု’ ဟု မြန်မာအဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ အမှန်တရားဘက်က ရပ်တည်သူ၊ မှန်ကန်သောစကားကိုဆိုသူသည် သစ္စာရှိသူဖြစ်သည်။

ကျွန်တော်က သမိုင်းကြောင်းအစဉ်အလာကြီးမားသော တပ်မတော်အတွင်းကဖြစ်သောကြောင့် အဖွဲ့အစည်း၏ ပေးဆပ်စွန့်လွှတ်ခဲ့မှု၊ ရပ်တည်ချက်ခိုင်မာမှုတို့ကို အမှန်တရားဖြစ်သည့်အတွက် မမှိတ်မသုန် ယုံကြည်သည်။ ထိုယုံကြည်မှုသည် လူတစ်ဦးတစ်ယောက်အပေါ်တွင် ယုံကြည်မှုမျိုးမဟုတ်။ တပ်မတော်အတွင်းမှာ ပေးဆပ်စွန့်လွှတ်ခဲ့ကြသူ၊ ပေးဆပ်စွန့်လွှတ်နေကြဆဲသူတို့၏ သစ္စာတရားကို ယုံကြည်ခြင်း ဖြစ်သည်။ အဲဒီလိုယုံကြည်မှုရှိသည်ဆိုသောစကားက မှန်ကန်သောစကားလည်းဖြစ်သည်။

ကျွန်တော်တို့တပ်မတော်မှာ စောင့်ထိန်းအပ်သောသစ္စာလေးချက်ရှိသည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့ ၏သစ္စာကို စောင့်သိရိုသေရခြင်းဟူသောအချက်က ထိပ်ဆုံးမှာပါသည်။ အဲဒီအချက်က သစ္စာဟူသောဝေါဟာရ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ပဲဖြစ်သည်။ နိုင်ငံသားတွေရဲ့ ဘယ်သစ္စာကို စောင့်သိရိုသေရမှာလဲဆိုသော် နိုင်ငံသားတွေမှာလည်း သစ္စာတရားရှိပါသည်။

ကိုယ့်တိုင်းပြည်နှင့် ကိုယ့်တိုင်းရင်းသားလူမျိုးကိုချစ်သည့်စိတ်၊ ကိုးကွယ်မှုဘာသာတရားကို ချစ်သည့်စိတ် စသည်ကိုပြဆိုသော မျိုးချစ်စိတ်ဓာတ်ရှိခြင်းက နိုင်ငံသားတို့၏ သစ္စာတရားပင်ဖြစ်သည်။ မျိုးချစ်စိတ်သည် နိုင်ငံသားတို့၏ သစ္စာတရားဟုဆိုပါလျှင် မျိုးချစ်စိတ်မရှိသောနိုင်ငံသားသည် တိုင်းပြည်အပေါ် သစ္စာမဲ့ခြင်းဖြစ်သည်။ တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင် နည်းမျိုးစုံဖြင့် ကြံဆောင်နေသူသည် တိုင်းပြည်၏ သစ္စာဖောက်ပဲဖြစ်သည်။

ကျွန်တော်တို့တပ်မတော်သားတွေက ကိုယ်တိုင်ကိုယ်ကျ တိုင်းပြည်အပေါ် သစ္စာစောင့်သိရသလို မျိုးချစ်စိတ်ရှိသော၊ တိုင်းပြည်အပေါ် သစ္စာစောင့်သိသော နိုင်ငံသားတို့၏သစ္စာကိုလည်း ထပ်လောင်းစောင့်သိရိုသေကြရသူတွေဖြစ်သည်။ အဲဒီလိုလူတစ်ဦးက သစ္စာမဲ့ခဲ့သည်ရှိသော် နိုင်ငံသားတစ်ဦး စောင့်ထိန်း အပ်သည့်သစ္စာကိုသာမက နိုင်ငံသားတို့ရဲ့သစ္စာကိုပါ ဖောက်ဖျက်ကျူးလွန်သူဖြစ်သောကြောင့် သစ္စာဖောက်၍ သစ္စာစူးရပါလျှင် နှစ်ဆအစူးခံရမည့်သူတွေပဲဖြစ်သည်။

စာရေးဆရာညိမ်းညိုကတော့ ကျွန်တော်တို့ လိုက်နာကြရသည့် သစ္စာလေးချက်ကို ‘သစ္စာခိုင် ကျည်သူတို့ရဲ့ သစ္စာတိုင်တည်တေး၊ ဆိုခဲစေ၊ မြဲစေသူတို့ရဲ့ နှလုံးသားဥဒါန်းကျူးရင့်သံ’ ဟု ဖွင့်ဆိုပြခဲ့ဖူးသည်။ ထပ်ပြီးအကျယ်ချဲ့ပြနေစရာမလိုအောင် သိပ်လှသည့်အဓိပ္ပာယ်ဖွင့်ဆိုချက်ဖြစ်သည်။

+++++

“ပါစင်နယ်အရ လူတစ်ယောက်အပေါ်မှာ မကျေနပ်တာရှိရင် ရှိလိမ့်မယ်၊ ဒါပေမဲ့ ငါရှင်သန်ခဲ့ဖူးတဲ့ တပ်မတော်နဲ့ ငါ့ရဲဘော်ရဲဘက်တွေအပေါ်မှာ ငါဘယ်တော့မှ သစ္စာမဖောက်ဘူး”

တွေးတွေးဆဆပြောတတ်သောသူ့ကိုကြည့်ရင်း လူတချို့ကို ဖျတ်ခနဲမြင်မိသည်။ တချို့က လူပုဂ္ဂိုလ်အပေါ် မကျေနပ်ချက်ကြောင့် သစ္စာမဲ့လိုက်ခြင်းကို တပ်မတော်အပေါ် သစ္စာဖောက်ခြင်းနှင့်ရောချ ပစ်တတ်ကြသည်။ ကျွန်တော်တို့ စောင့်ထိန်းရသောသစ္စာတရားက လူတစ်ဦးတစ်ယောက်အပေါ်မှာ စောင့်ထိန်းရခြင်းမျိုးရှိသည်မဟုတ်။ ဒိုးတူပေါင်ဖက် သေအတူရှင်မကွာ အတူလက်တွဲခဲ့ကြသော ရဲဘော်ရဲဘက်များအပေါ်တွင်ထားသည့် ခိုင်မာမြဲမြံသောသစ္စာတရားမျိုးဖြစ်သည်။

ကျွန်တော်တို့ ကျင်လည်ရသည့်လောကမှာ ရဲဘော်ရဲဘက်များကသာလျှင် မိတ်ဆွေရင်းချာဖြစ်သည်။ ဆွေမျိုးဉာတိဖြစ်သည်။ တစ်ယောက်နှင့်တစ်ယောက် အသက်ပေးကာကွယ်တတ်သည့် ညီရင်းအစ်ကိုတွေဖြစ်ကြသည်။ တော်ရုံသံယောဇဉ်၊ သင့်ရုံမေတ္တာတရားတို့ဖြင့်သာ လည်ပတ်ရှင်သန်နေသည်မဟုတ်။ နှလုံးသားထဲကလာသည့် ချစ်ခြင်းတရားနှလုံးသွေးတို့ဖြင့် လည်ပတ်ရှင်သန်နေခြင်းဖြစ်သည်။ သည်လိုလူတွေနှင့် ဖွဲ့စည်းပေါင်းစပ်ထားသော တပ်မတော်အပေါ် သစ္စာမဲ့နိုင်ခြင်းသည်လည်း တော်ရုံစိတ်ဓာတ်ဖြင့် ဘယ်လိုမှပြုရက်နိုင်လိမ့်မည်မဟုတ်။

‘ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းအပေါ်ထားရှိသော မေတ္တာတရား၊ သံယောဇဉ်တရား၊ သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်’ ဆိုသည့် ရဲဘော်စိတ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို သာမန်မျှကြည့်လျှင် ဝါကျတစ်ကြောင်း ခြယ်ရေးထားသည်ကိုသာ မြင်ရမည်ဖြစ်သော်လည်း ထိုရဲဘော်စိတ်ကို နားလည် လာပြီဆိုလျှင် သန့်စင်သောနှလုံးသွေးတို့ဖြင့်ဖွဲ့သီထားသည့် နက်ရှိုင်းခိုင်ကျည်သောသစ္စာတရားကိုတွေ့ မြင်လာမည်ဖြစ်သည်က အသေအချာပင်။

အဲဒီလိုခိုင်ကျည်သည့်သစ္စာတရားကို နက်နက်နဲနဲသိမြင်လာပြီဆိုလျှင် ဘယ်သူတွေက ဘာတွေပဲပြောနေသည်ဖြစ်စေ၊ ဘယ်လိုပဲ အပြောခံရသည်ဖြစ်စေ တွေဝေမနေတော့ဘဲ သစ္စာတရားရှေ့မှာသာ မတ်မတ်ရပ်နိုင်သူဖြစ်လာတော့သည်။

ကျွန်တော်တို့ နေ့စဉ်အသုံးပြုကြည့်ရှုနေကျ ‘မှန်’သည် သူ့ရှေ့သို့ ရောက်လာသမျှသော အရာ အားလုံးကို ပကတိမခြွင်းမချန် ဟုတ်တိုင်းမှန်ရာသာ ပြန်လည်ထင်ဟပ်ပြသတတ်သည့်သဘာဝရှိသည်။ ကိုယ်ကပြုံးပြလျှင် ပြုံးသောပုံရိပ်ဖော်ပေးသည်။ ကိုယ်ကမဲ့ပြလျှင် မဲ့သောပုံသဏ္ဌာန်ကို ဖော်ပေးတတ်သည်။ အကယ်၍ သစ္စာတရားသည်သာ ကြေးမုံမှန်တစ်ချပ်ဖြစ်ခဲ့လျှင် ကိုယ်သစ္စာမဲ့ခဲ့သမျှ လုပ်ဆောင်ချက်အားလုံးအတွက် သူ့မှာပြန်လည်ဖော်ပြပေးမည့်ပုံရိပ်တွေက တန်ပြန်တူညီသောရလဒ်ပုံရိပ်တွေသာပဲဖြစ်လိမ့်မည်။ အဲဒီပုံရိပ်တွေက ကိုယ့်ဘဝ၊ ကိုယ့်ဖြတ်သန်းမှု၊ ကိုယ့်သမိုင်း၊ ကိုယ့်ရပ်တည်ချက်၊ ကိုယ့်သစ္စာ တရားတွေပဲဖြစ်သည်။ ကိုယ် ဖြတ်သန်းခဲ့သည့် ဘဝမှတ်တိုင်ကို အဲဒီသစ္စာမှန်ချပ်က အမြဲတမ်း အမှန်အတိုင်းပြသနေမှာပဲဖြစ်သည်။ သစ္စာမှန်ချပ်ရှေ့မှာ ရဲရဲဝံ့ဝံ့ရပ်ရဲဖို့၊ ရပ်ပြပြီး မှတ်ကျောက်အတင်ခံရဲဖို့သာ လိုသည်။

ပေးဆပ်စွန့်လွှတ်ခဲ့ကြသည့် ရဲဘော်ရဲဘက်တွေရဲ့သစ္စာကိုနှလုံးပိုက်ပြီး ကျွန်တော်သစ္စာပြုရဲသည်။ သစ္စာကြေးမုံပြင်ရှေ့မှာ လိပ်ပြာသန့်သန့်၊ ရဲရဲရင့်ရင့်ဖြင့် ရင်ကော့ခေါင်းမော့ကာ ရပ်တည်မပြရဲသောသူ ဘယ်တော့မှမဖြစ်စေရပါဆိုတာပဲဖြစ်သည်။ ။

နေဇင်(ပေါက်ခေါင်း)