သင်္ကြန်မဏ္ဍပ်ကို ဗုံးဖောက်ခွဲဖို့ အခြေအနေလာကြည့်တဲ့ အကြမ်းဖက်သမား ၂ ဦးအား ဖမ်းဆီးရမိ

စစ်ကိုင်းမြို့၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဏပ်ကို ဗုံးခွဲရန်အတွက် အခြေအနေလာကြည့်သည့် အကြမ်းဖက်သမား ၂ ဦးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက ယနေ့ ဧပြီ ၁၆ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ဖမ်းမိခဲ့သည်။

အကြမ်းဖက်မှုကို မလိုလားသော အမည်မဖေါ်လိုသည့် သတင်းပေးတစ်ဦး၏ တိကျစွာပေးလာသောသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ကိုင်းဆေးရုံ နောက်ကျောလမ်းမှ စောင့်ဆိုင်းနေစဥ် မဏ္ဏပ်ဘက်သို့ ဧမြဝတီရပ်ကွက်ဘက်မှ ဆေးရုံလမ်းအတိုင်း လမ်းလျှောက်လာသည့် အောင်ခန့်ဖြိုး (ခ) အငယ်ကောင် (၁၅- နှစ်) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

၎င်းကိုစစ်ဆေးရာ၌ ဗဟိုမဏ္ဏပ်တွင် ဖေါ်က်ခွဲရေးပြုလုပ်ရန်အတွက် လုံခြုံရေးတပ်ဖွဲ့များ၏ အခြေအနေကို စောင့်ကြည့် လေ့လာရန် ခေါင်းဆောင်ဖြစ်သူ ကိုထွန်းဆိုသူမှ စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ စောင့်ကြည့်ပြီးပါက ကိုထွန်းနှင့်အဖွဲ့မှ မဏ္ဏပ်အနီး ဝန်းကျင်သို့ မိုင်းဖြင့် လာရောက် ဖောက်ခွဲမည်ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ နောက်ထပ်တစ်ဦးလည်း ပါဝင်ကြောင်း ပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။

သို့ဖြစ်သဖြင့် ၎င်းအကြမ်းဖက်သမားကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးရှာဖွေခဲ့ရာ ရဲထက်အောင် (ခ)ဖိုးလပြည့် (ခ) ကျောက်ခဲ (ဘ)ဦးမိုးဆန်းဦး (၁၆- နှစ်) ဆိုသူကို ဒါးဝယ်ဈေးရပ်ကွက်မှ ဆေးရုံကြီးလမ်းအတိုင်း မဏ္ဏပ်ဘက်သို့ ခြေလျှင်လျှောက်လာစဉ် ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှလည်း အဖြစ်မှန်အတိုင်း ထွက်ဆိုဝန်ခဲ့သည်။

သို့ဖြစ်သဖြင့် စစ်ကိုင်းမြို့နယ်၊ ကျောင်းတော်ကြီးကျေးရွာတွင် နေထိုင်သည့် အောင်ခန့်ဖြိုး (ခ) အငယ်ကောင် ဆိုသူနှင့် စစ်ကိုင်းမြို့၊ ရွှေစင်ဂဲရပ်ကွက်တွင်နေထိုင်သည့် ထက်အောင် (ခ)ဖိုးလပြည့် (ခ) ကျောက်ခဲ ဆိုသူတို့ကို ဥပဒေအရ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

crd/𝙈𝙃𝙏𝙉𝙀𝙒𝙎