ရွှေစက်တော် ဘုရားပွဲ ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် ဖွင့်လှစ်ရန် စီစဉ်

ရွှေစက်တော်ဘုရားမှာ တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်တန်းတွေ ဆောက်လုပ်နေပြီး အရေအတွက်အနေနဲ့ တည်းခိုဆောင် အလုံးပေါင်း ၈၅၀ နဲ့ ဈေးဆိုင်ခန်းပေါင်း ၄၅၀ စုစုပေါင်း ၁,၃၀၀ ခန့်ကို ဆောက်လုပ်နေကြောင်း သိရပါတယ်။

တည်ဆောက်ရေးလုပ်ငန်းတွေအနေနဲ့ မြေထိန်းနံရံတွေမှာ ကျောက်ကွက်အလှဖော်ခြင်း၊ ပန်းအိုးနှင့် ပန်းအလှပင်များ စိုက်ပျိုးခြင်း၊ အထက်စက်တော်ရာ အတက်မုခ်ဦးရှိ လှေကားထစ်များ ပြုပြင်တည်ဆောက်ခြင်းနှင့် မိုးတွင်းကာလ မန်းချောင်း ရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေထိန်းနံရံတွေရဲ့ အောက်ခြေရှိ ကျောက်တုံးများ၊ Bedrock များကို သံခြင်းများဖြင့် ပြုပြင် တည်ဆောက်ခြင်း၊ အောက်စက်တော်ရာ နဂါးရေအိုင်ပြုပြင်ခြင်း၊ ဘုံခုနစ်ဆင့် ရွှေချခြင်းနှင့် နံရံနဲ့ မျက်နှာကြက်တွေကို ယွန်းအတတ်ပညာရှင်တွေရဲ့ လက်ရာနဲ့ ရုပ်လုံး၊ ရုပ်ကြွပေါ်လွင်အောင် ထုဆစ်စေခြင်း၊ တည်းကျောင်းတွေနဲ့ ဈေးဆိုင်တန်း မြေနေရာသတ်မှတ်ပြီး တည်ဆောက်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ကိုင် နေကြောင်း သိရပါတယ်။

ယခုနှစ် ရွှေစက်တော်ဘုရားပွဲတော်ကို တပိုတွဲလဆန်း ၅ ရက်(ဖေဖော်ဝါရီလ ၁၄ ရက်)မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဘုရားဖူးတွေကို ညအိပ်တည်းခိုခွင့်ပြုသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

PAN